BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးတွေ့ခဲ့သူ ဆရာဝန်ကို သတင်းအမှားဖြန့်မှုနဲ့ ထိမ်းသိမ်းခဲ့

04 Feb 2020     1,536 Views


ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်ရောဂါအဖြစ် ပထမဦးဆုံးတွေ့ရှိခဲ့ပြီး ဝူဟန်မြို့ကြီး အန္တရာယ်ရှိနေကြောင်း အကြောင်းကြားခဲ့တဲ့ ဆရာဝန်ကို သတင်းအမှားဖြန့်တယ်လို့ စွပ်စွဲပြီး ကျန်းမာရေးဌါန တာဝန်ရှိသူတွေနဲ့ ဝူဟန်ရဲအဖွဲ့တွေက ဖိအားပေး ထိန်းသိမ်းထားခဲ့ပါတယ်။

ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လီဝမ်လျန်း ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူနဲ့ဆေးတက္ကသိုလ်တက်ဘက် သူငယ်ချင်းတွေနဲ့ ဖွဲ့ထားတဲ့ သီးသန့်အွန်လိုင်း ဂရုထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သဖြင့် အရေးပေါ်ဌါနမှာ ထိန်းသိမ်းထားကြောင်း ရေးသားပြောဆိုခဲ့ပါတယ်။

သူ့ရဲ့သူငယ်ချင်းတွေက “ကြောက်စရာကြီးပဲ ဆားစ်ရောဂါ ပြန်လာပြန်ပီလား” လို့ ၂၀၀၂ ခုနှစ်က လူ ၈၀၀ လောက် သေဆုံးခဲ့တဲ့ SARS ကို ရည်ညွှန်းပြီး မေးမြန်းခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းကြောင့် ဒေါက်တာလီ ဟာ ချီးမြှင့်ဂုဏ်ပြုခံရတာမရှိပဲ ပိုလို့တောင် တင်းကြပ်ခံခဲ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌါနမှ အာဏာပိုင်တွေက သူ့ကိုဆင့်ခေါ်ခဲ့ပြီး ညအချိန်မတော်ကြီးမှာ အရေးပေါ်အစည်းအဝေးလုပ်ခဲ့ကြပါတယ်။ နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ တရုတ်ရဲတွေက ဒေါက်တာလီကို ဂရုချက်ထဲမှာ ပြောဆိုခဲ့တဲ့ဟာတွေက တရားမဝင်တဲ့ အမူအကျင့်တွေဖြစ်ကြောင်း ဝန်ခံကတိစာချုပ်မှာ ဖိအားပေးပြီး လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။

“ဒီအကြောင်းကို ဂရုထဲမှာ ပြောခဲ့ပြီး သိပ်မကြာခင်မှာပဲ ရဲတွေရောက်လာပြီး အတင်းလက်မှတ်ထိုင်းခိုင်းခဲ့တယ်” လို့ ဒေါက်တာလီ က ဆိုပါတယ်။

ဒေါက်တာလီ တင်ထားတဲ့ စာရွက်စာတမ်းဓါတ်ပုံတွေအရ ဇန်နဝါရီလ ၃ ရက်နေ့မှာ ရဲတွေက သူ့ကို မမှန်ကန်တဲ့ အကြောင်းအရာတွေ ရေးသားတယ်လို့ စွပ်စွဲပြီး သတိထားနေဖို့ ပြောကြားခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ဆင်ဟွာသတင်းအေဂျင်စီကနေတစ်ဆင့် ရဲတွေက အွန်လိုင်းမှာ ပြောဆိုနေတဲ့ သတင်းအမှားတွေ၊ ကောလဟာလတွေကို မယုံကြည်ကြဖို့၊ ပြန်လည် မဝေမျှကြဖို့ အွန်လိုင်းအသုံးပြုသူတွေကို သတိပေးထုတ်ပြန်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒေါက်တာလီ နဲ့တစ်ကွ ကိုရိုနာဗိုင်းရပ်စ်အကြောင်း တီးတိုးသတင်းပေးခဲ့သူတွေကို အပြစ်တင်စောခဲ့တဲ့ ဝူဟန်မြို့က ရဲအဖွဲ့ကို တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးပြည်သူ့တရားရုံးက ဝေဖန်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ထပ်တစ်ရက်လောက်အကြာမှာတော့ ရဲအဖွဲ့က သတင်းပေးခဲ့သူတွေဟာ ပညာဉာဏ်ကြီးစွာနဲ့ ဝေဖန်ခဲ့ကြသူတွေဖြစ်ကြောင်း၊ သူတို့တွေကို အရေးယူတာ၊ ဒဏ်ငွေရိုက်တာ၊ တရားစွဲဆိုတာတွေ မပြုလုပ်ခဲ့ကြောင်း တရုတ်လူမှုကွန်ယက် ဝီဘိုပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အခုဆိုရင် ဝူဟန်ဗိုင်းရပ်စ်(ကိုရိုနာဗိုင်းရပ်စ်)အကြောင်း ပထမဦးဆုံး သတိပေးပြောကြားခဲ့သူ ဒေါက်တာလီ (မျက်စိကုဆရာဝန်) ဟာ သူကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံနေရပြီး ဝူဟန်ဗဟိုဆေးရုံကြီးပေါ်မှာ ကုသမှုခံယူနေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အဆုံးမှာ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပက်သက်လို့ ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း သူ့ရဲ့ ဝီဘိုလူမှုကွန်ယက်မှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။ ဒေါက်တာလီဟာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ရှေ့တန်းကနေ ပါဝင်ကုသပေးနေရင်း ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရောဂါကူးစက်ခံထားရတဲ့ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးခြင်း၊ ကိုယ်ပူရှိန်တက်ခြင်းတို့ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အထူးကြပ်မတ်ကုသဆောင်သို့ တင်ပို့ခဲ့ရပါတယ်။

ဒေါက်တာလီရဲ့ မိဘတွေဟာလည်း အလားတူရောဂါလက္ခဏာတွေနဲ့ ဆေးရုံတင်ပြီး ကုသမှုခံယူနေရပါတယ်။ သူတို့မိသားစုရဲ့ ကံကြမ္မာဘယ်လို့ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။


04 Feb 2020     1,536 Views




RELATED

Most Popular of International News

Most Popular of NEWS