ကြက်ခြေထောက်တွေကို ပါးစပ်နဲ့ကိုက်ပြီး အရိုးနွှင်လို့ စားသုံးသူတွေ အော့နှလုံးနာ (ရုပ်သံ)
31 Jan 2020 1,657 Views
ထိုင်းနိုင်ငံက အသင့်စား အရိုးလွတ်ကြက်ခြေထောက်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ကြက်ခြေထောက်ထုတ်လုပ်ရာမှာ အလုပ်သမားတွေက သူတို့ရဲ့ ပါးစပ်တွေကို အသုံးပြုခဲ့တာကြောင့် အလုပ်ရုံကို ခေတ္တပိတ်ခံထားရပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက နောင်ခိုင်မြို့ ဘန်းဒီယာ ၆ ရပ်ကွက်ရှိ ကြက်ခြေထောက် အသားထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို ကျန်းမာရေးဝန်ကြီးဌါနနဲ့ မွေးမြူရေးဝန်ကြီးဌါတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အလုပ်သမားတွေဟာ ကြက်ခြေထောက်ကို အသားနွှင်ရာမှာ အရိုးတွေကို ညှပ်တွေ၊ ဇာဂနာတွေနဲ့ မဆွဲပဲ သူတို့ရဲ့ ပါးစပ်တွေနဲ့ ကိုက်ဆွဲကာ ထုတ်နေခဲ့တာကို ထူးဆန်းစွာတွေ့ခဲ့ရပါတယ်။
စစ်ဆေးရေးအဖွဲ့က အသားတွေကို စစ်ဆေးရာမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းများ သုံးထားတာကို မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အလုပ်သမားတွေက အခုလို သူတို့ရဲ့ ပါးစပ်တွေ သုံးပြီး အရိုးနွှင်တာဟာ ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ဘူးလို့ ဆိုပါတယ်။
စက်ရုံပိုင်ရှင်ဟာ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူမဟာ ဒီလုပ်ငန်းကို လုပ်ကိုင်လာတာ ၅ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ ကြက်ခြေထောက်နဲ့ ကြက်သားတွေကို အပြင်ကနေ ဝယ်ပြီး အရိုးတွေ ထုတ်ပြီးမှ ပြန်လည်ရောင်းချတာဖြစ်ပါတယ်။ တစ်ရက်လျှင် အသားတန်ချိန် ၃ တန်ခန့် အသုံးပြုပြီး ကီလို ၄၀၀ ကနေ ၅၀၀ ထိ ရောင်းချနေရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ယခင်က အရိုးထုတ်တဲ့နေရာမှာ ဇာဂနာကို အသုံးပြုခဲ့ပေမယ့် အလုပ်မတွင်ကျယ်တာကြောင့် အရှုံးပေါ်ခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့ အလုပ်သမားတွေက အရိုးတွေကို သူတို့ပါးစပ်နဲ့ ဆွဲကိုက်ပြီး အသားနွှာကြည့်ရာ ပိုမိုမြန်ဆန်လွယ်ကူကြောင်း သိလာရပါတယ်။ ဇာဂနာ အသုံးပြုတာထက် ၅ ဆခန့် အလုပ်ပိုမို တွင်ကျယ်လာပါတယ်။ အဲဒီအချိန်ထဲက ကြက်ရိုးတွေကို အလုပ်သမားတွေက ပါးစပ်နဲ့ပဲ ကိုက်ဆွဲခွာလာခဲ့ကြတာဖြစ်ပါတယ်။
ဒီရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီးနောက် လူတွေက ရွံ့ရှာအော့နှလုံးနာပြီး ပြစ်တင်ဝေဖန်မှုတွေ ရှိလာတဲ့အတွက် အခုဆိုရင် စက်ရုံကို ခေတ္တပိတ်ထားလိုက်ရပါတယ်။ စစ်ဆေးရေးအဖွဲ့တွေကလည်း စက်ရုံက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေမှာရှိသော်လည်း အခုလို ပါးစပ်နဲ့ အသုံးပြုတာ ကျန်းမာရေးနှင့် မညီမညွတ်ကြောင်း ရောဂါပိုးတွေ ကူးစက်နိုင်ကြောင်း နောက်ထပ် အခုလိုမပြုလုပ်ရန် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတပေးတာတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အခြားအထောက်အကူပစ္စည်းများနဲ့ ကျွမ်းကျင်လာအောင် များများလေ့ကျင့်ပြီးမှ လုပ်ငန်း ပြန်လည် လည်ပတ်ရန် မှာကြားခဲ့ပြီး အလားတူ စက်ရုံမျိုးတွေ ရှိလာပြီဆိုရင်လည်း ဘေးရှင်းအန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်မှုရှိအောင် ဆက်လက်စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။