BEC-TERO TV

ဗီဇာဥပဒေ ပြန်မပြင်ပါက အမေရိကန်တပ်တွေကို မောင်းထုတ်မည်ဟု ဒူတာတေး ကြိမ်းဝါး

31 Jan 2020     1,552 Views


ဝါရှင်တန်အနေနဲ့ နိုင်ငံရေးမဟာမိတ် ဗီဇာဥပဒေကို ယခင်အတိုင်းပြန်လည် ခွင့်ပြုခြင်းမရှိပါက ဖိလစ်ပိုင်နိုင်ငံထဲမှာ အမေရိကန်နဲ့ သဘောတူညီထားတဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်တွေကို ဖျက်သိမ်းပြီး နိုင်ငံထဲမှာ အမေရိကန်စစ်သားတွေ စစ်ရေးလေ့ကျင့်တာတွေ၊ တာဝန်ချထားတာတွေ အားလုံးကို ပြန်လည် ရုတ်သိမ်းမယ်လို့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဖိလစ်ပိုင်သမ္မတဒူတာတေး က သတိပေးပြောဆိုလိုက်ပါတယ်။

မျက်နှာမသာမယာဖြစ်နေတဲ့ ဒူတာတေးက လွှတ်တော်အမတ် “ရော်နယ်ဒို ဒီလာရိုဆာ”(ယခင် ရဲမျူးချုပ်)ကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ပယ်ချလိုက်တဲ့အပေါ် ဒေါသတကြီးနဲ့ ကြိမ်းဝါးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ရော်နယ်ဒို ဒီလာရိုဆာ” က ပြည်ဝင်ခွင့် ဗီဇာငြင်းပယ်ခံရတာနဲ့ ပက်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးကလည်း တစ်စုံတစ်ရာရှင်းပြခြင်း မရှိကြောင်း၊ အခုလို ပယ်ချခံရတာဟာ ယခင် ရဲမှူးကြီးအဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်က မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီး နှိပ်နင်းခဲ့မှုတွေမှာ လူတွေအများကြီး သေခဲ့ရတာကြောင့်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ရော်နယ်ဒို ဒီလာရိုဆာ” ဟာ ရဲမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က မူးယစ်နှိမ်နင်းမှုမှာ လူ ၅၀၀၀ လောက် သေကြေခဲ့ပြီး အများစုမှာ အသေးစား မူးယစ်ဆေးဖြန့်ဖြူးသူတွေဖြစ်ပါတယ်။ ရဲတွေက သူတို့ကိုယ်သူတို့ ခုခံကာကွယ်တဲ့အနေနဲ့ ပစ်သတ်ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“အကယ်၍ မင်းတို့ပြန်မပြင်ဘူးဆိုရင် အခြေစိုက်စခန်းတွေကို ငါမောင်းထုတ်ရလိမ့်မယ်” လို့ ဒူတာတေး က ပြောကြားခဲ့ပြီး တစ်လအချိန်ပေးမယ်လို့ အမေရိကန်အစိုးရကို ရာဇသံပေးလိုက်ပါတယ်။ အမေရိကန်က စစ်တပ်အလည်အပတ်သဘောတူညီချက် (The Visiting Forces Agreement) ကို ဖိလစ်ပိုင်နဲ့ ၁၉၉၈ ခုနှစ်မှာ တရားဝင် ချုပ်ဆိုခဲ့ကြပြီး စာချုပ်အရ ထောင်နဲ့ချီတဲ့ အမေရိကန်စစ်သားတွေဟာ နိုင်ငံတစ်ဝန်းလုံးမှာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရမှာဖြစ်ပါတယ်။

သမ္မတ ဒူတာတေးရဲ့ ပြောဆိုမှုနဲ့ ပက်သက်ပြီး ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးချုပ် “ဒယ်လ်ဖင် လော်ရန်ဇာနာ” က မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိပါဘူး။

အမေရိကန်နိုင်ငံဟာ ဖိလစ်ပိုင်အတွက် အကြီးဆုံး မဟာမိတ်နိုင်ငံဖြစ်ပြီး သန်းနဲ့ချီတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဆွေမျိုးတွေဟာ အမေရိကန်နိုင်ငံသားတွေလည်း ဖြစ်နေကြပါတယ်။

အမေရိကန်ဥပဒေပြုလွှတ်တော်မှာ ဗီဇာနဲ့ပက်သက်တဲ့ ဥပဒေကို တင်သွင်းခဲ့တဲ့ အမေရိကန်လွှတ်တော်အမတ် Richard Durbin နဲ့ Patrick Leahy တို့နှစ်ဦးကို ပြီးခဲ့တဲ့လက ဒူတာတေး ကိုယ်တိုင် ဖိလစ်ပိုင်နိုင်ငံ ဝင်ခွင့်ဗီဇာ ပိတ်ထားခဲ့ပါတယ်။

Leila de Lima

သူတို့နှစ်ဦး လွှတ်တော်ကို တင်သွင်းခဲ့တဲ့ အဆိုထဲမှာ ဖိလစ်ပိုင်လွှတ်တော်အမတ် Leila de Lima (ယခင်တရားရေးဝန်ကြီးဟောင်း) ကို ထောင်သွင်းအကျဉ်းချမှုမှာ ပါဝင်ပက်သက်ခဲ့သူတွေ အားလုံးကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ရန် ဖော်ပြခဲ့တာဖြစ်ပါတယ်။ Leila de Lima ဟာ ဒူတာတေး ရဲ့ မူးယစ်နှိမ်နင်းမှုအစီစဉ်တွေက တိုက်ခိုက်ပြောဆိုခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ခံရပါတယ်။ သူမဟာ လူအခွင့်အရေးလှုပ်ရှားသူများအဖွဲ့က ချီးမြှင့်တဲ့ ဆုတွေကိုလည်း ရထားသူဖြစ်ပါတယ်။

သမ္မတဒူတာတေး ရဲ့ ကြိမ်းဝါးပြောဆိုမှုနဲ့ ပက်သက်ပြီး မနီလာမှာရှိတဲ့ အမေရိကန်သံရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။


31 Jan 2020     1,552 Views




RELATED

Most Popular of International News

Most Popular of NEWS