BEC-TERO TV

မြွေကြောက်တတ်တဲ့ရောဂါကို မြွေနှိပ်ကုထုံးနဲ့ ကုသနိုင်ပြီ (ရုပ်သံ)

29 Jan 2020     1,742 Views


မြွေဆိုတဲ့ အသံကြားလိုက်တာနဲ့ လူ ၁၀၀ မှာ ၈၀ လောက်တော့ လန့်ဖြန့်သွားတတ်တာ ငြင်းလို့ ရနိုင်မယ်မထင်ပါဘူး။ သဘောကတော့ မြွေကြောက်တဲ့သူက မကြောက်တဲ့သူထက် ပိုများတယ်ဆိုတာပါပဲ။ မြွေတွေဟာ တွားသွားသတ္တဝါဖြစ်လို့ တွန့်လိမ် တွန့်လိမ်နဲ့ သွားနေတာကိုက အသဲယားစရာကောင်းတဲ့အပြင် သူတို့ရဲ့ ကျောပေါ်က အကွက်တွေက အလှအပတစ်မျိုးလို့ ဆိုနိုင်ပေမယ့် လူအများစုရဲ့ စိတ်ကိုခြောက်ခြားစေပါတယ်။ ဒါ့အပြင် အဆိပ်ရှိတဲ့ သတ္တဝါဖြစ်လို့ မြွေဟာ နာမည်ကောင်းမရတဲ့ သတ္တဝါဖြစ်ပါတယ်။

အဲဒီလို မြွေကြောက်တတ်တဲ့သူတွေအတွက် မြွေမကြောက်တတ်အောင် ကုသပေးနိုင်တဲ့ ကုထုံးအသစ်ရှိနေပါပြီ။ ဒီနည်းအတိုင်း လက်တွေ့ကုသခံပြီးနောက် လုံးဝကြောက်စိတ် မရှိတော့ဘူးလို့ အသက် ၁၉ နှစ်အရွယ် “ဆန်းရှိုင်း” ဆိုတဲ့ မိန်းကလေးက ပြောပြထားပါတယ်။

“ဆန်းရှိုင်း” ဟာ ဖိလစ်ပိုင်နိုင်ငံက ဖြစ်ပြီး အရင်တုန်းက မြွေတွေကို အရမ်းကြောက်တတ်တဲ့ မိန်းကလေးဖြစ်ပါတယ်။ ထိဖို့ကိုင်ဖို့ မပြောနဲ့ မြွေမြင်ရင်ကို ကြောက်နေတတ်သူပါ။ ဒီကြောက်စိတ်ကို ပျောက်ကင်းအောင် ပညာရှင်တွေအားလုံး အကြံပေးတာကတော့ မြွေကို ကိုယ်တိုင် လက်ထဲမှာ ထိကြည့်၊ ကိုင်ကြည့်ပြီး ထိပ်တိုက်ရင်ဆိုင် လိုက်ပါ ဆိုတာပါပဲ။

မြွေဆိုရင် သေလောက်အောင် ကြောက်တတ်တဲ့ “ဆန်းရှိုင်း” ဟာ အဲဒီနည်းအတိုင်း စမ်းသပ်ကြည့်ရာကနေ မြွေတွေကို ကြောက်တဲ့စိတ် လုံးဝပျောက်ကင်းသွားပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာရှိတဲ့ စီဘူးမြို့က တိရိစ္ဆာန်ရုံမှာ မြွေတွေနဲ့ အနှိပ်ခံတဲ့ ဝန်ဆောင်မှုကို ပေးပါတယ်။ အရှည် ၁၈ ပေလောက်ရှိတဲ့ မြန်မာ့စပါးအုံးမြွေ ၄ ကောင်က လူကို ရစ်ပတ်ပြီး နှိပ်ပေးတာပါ။  ပထမဆုံးတော့ မြွေတွေကို အစာဝအောင် အရင်ကျွေးထားရပါတယ်။ တစ်ခါကျွေးရင် ကြက် ၁၀ ကောင် ကျွေးရပါတယ်။ ဒီလိုအစာဝနေမှသာ အနှိပ်ခံတဲ့ လူကို သူ့အစာအဖြစ် ရစ်ပတ်မှာ မဟုတ်ပါဘူး။

ဒီလို မြွေကြီးတွေနဲ့ အနှိပ်ခံဖို့ကို သတ္တိတွေ အများကြီး မွေးထားရတဲ့ “ဆန်းရှိုင်း” ဟာ အစပထမ မှာတော့ ကတုန်ကယင်နဲ့ ထိတ်လန့်နေခဲ့ပါတယ်။ အားလုံး ပြီဂသွားတဲ့အခါမှာတော့ သူ့စိတ်ထဲမှာ မြွေတွေကို ကြောက်တတ်တဲ့ ရောဂါလည်း လုံးဝပျောက်သွားပြီး မကြောက်တော့ကြောင်း ပြောပြခဲ့ပါတယ်။

မြွေကြောက်တတ်ရင်တော့ “ဆန်းရှိုင်း” လို မြွေအနှိပ်ခံပြီး ကုသနိုင်ပါကြောင်း ရုပ်သံလေးနဲ့ ဖော်ပြလိုက်ပါတယ်။

မှတ်ချက်။  ။ ကျွမ်းကျင်သူများနဲ့ စနစ်တကျပြုလုပ်ထားတဲ့ နည်းလမ်းဖြစ်ပါတယ်၊ တွေ့ကရာမြွေများနဲ့ မစမ်းသပ်ကြရန် အထူးသတိပေးလိုက်ပါရစေ။


29 Jan 2020     1,742 Views




RELATED

Most Popular of Special or Others

Most Popular of NEWS