BEC-TERO TV

ကိုရီးယား ဖက်ရှင်လောကမှာ အောင်မြင်နေတဲ့ အသက် ၇၇ နှစ် မော်ဒယ်လ်ဖွားဖွား

17 Jan 2020     1,722 Views


အသက်က ၇၇ နှစ်၊ ဒီအရွယ်ဆိုရင် အများအားဖြင့် ဘုရားသွား ကျောင်းတက်၊ ဥပုဒ်သီတင်း စောင့်နေကြချိန်မှာ ကိုရီးယားနိုင်ငံက ဘွားဘွားကတော့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ကာ ဖက်ရှင်လောကထဲ ခြေစုံပစ်ဝင်လိုက်ပြီး ဖက်ရှင်မော်ဒယ်လ်အဖြစ် အောင်မြင်စွာ ရပ်တည်နေပါတယ်။

ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ စားဝတ်နေရေးအတွက် ဝါသနာမပါပဲ လုပ်နေရတဲ့ အလုပ်ကို စွန့်လွှတ်လိုက်ပြီး နှလုံးသားရဲ့ အလိုတော်အတိုင်း ငယ်ဘဝအိမ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်လိုက်သူက ကိုရီးယားနိုင်ငံက အသက် ၇၇ နှစ်အရွယ် “ချွေဆွန်ဟွာ(Choi Soon-Hwa)” ဖြစ်ပါတယ်။

“ချွေဆွန်ဟွာ” က လက်ရှိမှာတော့ ကိုရီးယားနိုင်ငံရဲ့ အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်အဖြစ် အောင်မြင်နေတဲ့သူဖြစ်ပါတယ်။ သူမဟာ အရင်က ဆေးရုံတစ်ရုံမှာ သူနာပြုလုပ်ပြီး တစ်ရက်မှာ နာရီ ၂၀ လောက် ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်တွေတုန်းက နေ့လည်စာ စားဖို့တောင် မနည်းအချိန်လုရပြီး စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေခဲ့တာကြောင့် သူမရဲ့ ရင်ထဲမှာ မီးတောင်တစ်ခုလို တအုံနွေးနွေးနဲ့ အစိုင်အခဲကြီး ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ အခုတော့ ဒီမီးတောင်ကြီး ပေါက်ကွဲထွက်သွားပြီး အဲဒီအလုပ်ကိုလည်း တစက်ကလေးမျှ လှည့်မကြည့်ပဲ ကျောခိုင်းနိုင်ခဲ့ပါတယ်။

သူမ မော်ဒယ်လ်လောကကို မရောက်ခင်မှာ ပြန်ဆပ်စရာ အကြွေးတွေနဲ့ ပတ်လည်ဝိုင်းနေခဲ့ပါတယ်၊ တစ်ရက်မှာတော့ တီဗီကနေ အသက်ကြီး မော်ဒယ်လ်အလိုရှိသည်ဆိုတဲ့ ကြော်ငြာကို တွေ့လိုက်ရာကနေ ဝင်လျှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီကနေ တောက်လျှောက် မော်ဒယ်လ်နဲ့ ပက်သက်တဲ့ သင်တန်းတွေ၊ အနုပညာသင်တန်းတွေ နဲ့ သီချင်းဆို သင်တန်းတွေကိုပါ အလုပ်ရဲ့ လိုအပ်ချက်အရ တက်ရောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အေဂျင်စီက “ချွေဆွန်ဟွာ” ကို တစ်ကယ့်ဖက်ရှင်ပွဲထဲမှာ ထည့်သုံးလိုက်တဲ့အခါ ပွဲဦးထွက်မှာပဲ ဖက်ရှင်လောက တစ်ခုလုံးက သူမကို သတိထားမိသွားပြီး အားပေးမှုတွေ ရရှိခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာ ‘ကင်မ်ဟီဂျင်’ က ဆိုးလ်ဖက်ရှင်ဝိခ်မှာ ‘ချွေ’ ကို မော်ဒယ်အဖြစ် ငှားရတာဟာ သူမမှာ သူများနဲ့မတူ ထူးခြားတဲ့အသွင်အပြင် ရှိတာကြောင့်လို့ ဆိုပါတယ်။ ‘ကင်မ်’ ဟာ ပုံမှန်ဆိုရင် လူငယ်တွေ ဝတ်တဲ့ အဝတ်အစားဒီဇိုင်းတွေကိုသာ တီထွင်ချုပ်လုပ်သူဖြစ်ပါတယ်။

‘ချွေ’ ဟာ ယခင် ဆေးရုံမှာ အလုပ်လုပ်တုန်းကလည်း ဆံပင်ဆေးဆိုးတာနဲ့ ပက်သက်လို့ အကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။ လူနာတွေက သူတို့ကို ပြုစုတဲ့သူတွေက အိုနေရင် မကြိုက်ကြတဲ့အတွက် မကြာခဏ ဆံပင်ကို ဆေးဆိုးရလေ့ရှိပါတယ်။ ဒါပေမယ့် သူမဟာ ဆံပင်ဖြူမပေါက်ပဲ မီးခိုးရောင်သန်းနေတဲ့ သဘာဝ ဆံပင်အရောင်က သူမကို တစ်မူထူးခြားစေတာဖြစ်ပါတယ်။

ခင်ပွန်းမရှိပဲ သားသမီးနှစ်ယောက်စလုံးကို နှစ် ၂၀ လုံးလုံး ဆေးရုံယူနီဖောင်းဝတ်ကာ ပြုစုစောင့်ရှောက်ခဲ့ရတဲ့ ဘဝကနေ လွတ်မြောက်အောင် ရုန်ထွက်နိုင်ခဲ့ပြီး သူ့မစိတ်တိုင်းကျ ဘဝကို ဖန်တီးနိုင်ခဲ့လို့ အလွန်ကို အံ့သြဝမ်းမြောက်ပါတယ်လို့ ‘ချွေ” က ဆိုပါတယ်။

အခုဆိုရင် တောင်ကိုရီးယားနိုင်ငံ ဖက်ရှင်လောက က “ချွေဆွန်ဟွာ” လို ဆွဲဆောင်မှုရှိတဲ့ အသက်ကြီးပိုင်း အမျိုးသမီးကြီးတွေကို ပိုမိုလိုအပ်နေတာကြောင့် ကိုယ့်အိမ်က အမေတွေ၊ အဖွားတွေကို ကိုယ်တိုင် အကဲဖြတ်ပြီး ကိုရီးယားပို့သင့်ရင် ပို့နိုင်ကြပါပြီလို့ ပိုပိုလေးက သတင်းကောင်း ပါးလိုက်ပါတယ်။


17 Jan 2020     1,722 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS