BEC-TERO TV

စူးရှထက်၏ ကျေအေးလွှာမှာ အမှုရုတ်သိမ်းရန်မလုံလောက်တာကြောင့် ပြစ်ဒဏ်ချမှတ်ဟုဆို

09 Jan 2020     1,720 Views


လတ်တလောလူမှုကွန်ယက်သုံးစွဲကြသူတွေကြားမှာ စိတ်ဝင်စားမှုအများဆုံးနဲ့ ပြောစမှတ်ဖြစ်နေကြတဲ့ သတင်းတွေထဲမှာ အဆိုတော်အစ္စဏီနဲ့ မော်ဒယ်စူးရှထက်တို့ရဲ့ အမှုတွဲသတင်းကလဲ တစ်ခုအပါအဝင်ပါ။ ထိုအမှုဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလပိုင်း သင်္ကြန်မတိုင်ခင်အချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီး သမီးရည်းစားစကားများခဲ့ရာမှ အစ္စဏီမှ ချစ်သူရည်းစားဖြစ်သူ မော်ဒယ်စူးရှထက်အား ကိုယ်ထိလက်ရောက်ရိုက်နှက်ကျူးလွန်ခြင်း၊ အလိုမတူပဲ အဓ္ဓမပြုကျင့်မှုတို့ဖြစ်ပွားခဲ့ပြီး စူးရှထက်မှ အစ္စဏီအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုအမှုဟာ ပရိသတ်တိုင်းက စိတ်ဝင်တစားနဲ့စောင့်ကြည့်ခဲ့ရတဲ့အမှုတွဲတစ်ခုဖြစ်ခဲ့ပြီး အချိန် (၁) နှစ်ကျော်ကာလမျှအထိ တရားရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။ ထို့နောက်မှာတော့ မော်ဒယ်စူးရှထက်မှ အစ္စဏီအား အမှားကိုပြုလုပ်ခဲ့ကြောင်း ဝန်ခံကာ လူသူအများရှေ့မှာ တောင်းပန်ခြင်းပြုရင် အမှုကိုချက်ခြင်းကျေအေးပေးမည်ဟုဆိုသောကြောင့် အစ္စဏီမှ သူမှားခဲ့ကြောင်းကို မီဒီယာတွေရှေ့မှာ လူသိရှင်ကြား ဝန်ချတောင်းပန်ခဲ့ပြီး စူးရှထက်ဘက်မှလဲ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ အမှုကိုကျေအေးပေးခဲ့ပါတယ်။

ထိုသတင်းကြောင့် သူတို့အမှုကိုစောင့်ကြည့်နေကြသူအားလုံးက စူးရှထက်ကိုလဲ ကျေးဇူးတင်ခဲ့ကြသလို အစ္စဏီအတွက်လဲ ဝမ်းသာခဲ့ကြပါတယ်။ သို့သော်လည်း စူးရှထက်အမှုကျေအေးပေးလိုက်သည့်နောက် လအတော်ကြာသည်အထိ အစ္စဏီရဲ့နောက်ဆက်တွဲအမှုသတင်းက တစ်စိုးတစ်စိမှမကြားခဲ့ရပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇) ရက်နေ့မှာတော့ အဆိုတော်အစ္စဏီအား တာမွေမြို့နယ်တရားရုံးမှ ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် (၇) နှစ်ချမှတ်လိုက်တဲ့သတင်းက ရုတ်ချည်းထွက်ပေါ်လာခဲ့ပါတယ်။

စူးရှထက်မှ အမှုကျေအေးပေးလိုက်သော်လည်း အစ္စဏီကို ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာကြောင့် အကုန်လုံးအံ့အားသင့်ခဲ့ရပြီး ဝေဖန်ပြောဆိုမှုတွေလဲမြင့်တက်နေတာဖြစ်ပါတယ်။ တရားလိုဘက်မှ အမှုကျေအေးပေးခဲ့ပြီဖြစ်သော်လည်း အစ္စဏီအား ယခုလိုပြစ်ဒဏ် (၇) နှစ်ချမှတ်လိုက်ရတဲ့အကြောင်းရင်းမှာ ‘တရားရုံးသို့ စူးရှထက်တင်သွင်းခဲ့သည့် အမှုကျေအေးလွှာမှာ အမှုရုတ်သိမ်းရန်မလုံလောက်သည့်အတွက် အမှုမရုတ်သိမ်းပဲ ဥပဒေအရထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်’လို့ တာမွေမြိုနယ်တရားရုံးမှ တာဝန်ရှိသူကပြောကြားခဲ့ပါတယ်။“သူတို့က ကျေအေးရဲ့သားနဲ့ တရားရုံးကကျေအေးခွင့်မပြုတာလို့ အကုန်လုံးကထင်နေကြတယ်။ မဟုတ်ပါဘူး။ စူးရှထက်တင်ခဲ့တဲ့စာက ကျေအေးလွှာလို့သတ်မှတ်လို့မရဘူး။ အမှုရုတ်သိမ်းခွင့်ကျလောက်တဲ့အထိ တင်ထားတဲ့စာမျိုးမဟုတ်ပါဘူး။ ဒါကိုဥပဒေပညာရှင်တွေလဲ သိကြပါတယ်။ ကျေအေးလွှာသူတင်တာကို မြို့နယ်ဥပဒေရုံးကလက်ခံပေးခဲ့ပေမယ့် ဥပဒေအရ အမှုရုတ်သိမ်းပေးရလောက်တဲ့အထိ မပြည့်စုံတာကြောင့် တရားခံကိုပြစ်ဒဏ်ချမှတ်ရတာပါ” ဆိုပြီး ပြောပြခဲ့ပါတယ်။

အစ္စဏီဘက်မှလဲ ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မကြာမီရက်ပိုင်းအတွင်း ခရိုင်တရားရုံးကိုအယူခံတက်သွားမယ်လို့သိရပါတယ်။ အယူခံတက်ရသည့်အကြောင်းမှာ ပြစ်ဒဏ်လျော့ပေါ့စေရန်မဟုတ်ပဲ တရားရုံးမှချမှတ်လိုက်သည့်အမိန့်ကို လုံးလုံးလျားလျားလက်မခံတာကြောင့် အယူခံတက်ခြင်းဖြစ်ကြောင်းကို အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးမှ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

 

Source_Eleven Brodcasting

(ပိုပိုလေး)


09 Jan 2020     1,720 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS