အီရန်- အမေရိကန် တင်းမာမှုတွေ ဘယ်တုန်းကတည်းက စတင်ခဲ့တာလဲ
08 Jan 2020 1,870 Views
လက်ရှိမှာ အမေရိကန်နှင့် အီရန် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ အီရန် စစ် ဗိုလ်ချုပ် ဆိုလေမာနီကို အမေရိကန်တို့က ဒရုန်းဖြင့် အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်တွင် သုတ်သတ်ခဲ့ပြီးနောက် အခြေအနေတွေက ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။ ဆိုလေမာနီ သေဆုံးပြီးနောက်ပိုင်း အီရန်ဘက်က ပထမဆုံးတုံ့ပြန်တိုက်ခိုက်မှုအဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ ညနေပိုင်းမှာ အီရန်ဘက်က အီရတ်ဘက်မှာ တပ်စွဲထားတဲ့ အမေရိကန်စစ်တပ် နှစ်ခုကို စတင်တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်ခံရမှုကို အမေရိကန် စစ်ဌာနချုပ် ပင်တခွန်ကလည်း တိုက်ခိုက်ခံရကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘာတွေပျက်စီးဆုံးရှုံးသွားလဲ ၊ ဘယ်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သလဲ၊ သေဆုံးသူဦးရေ ဘယ်လောက်ရှိသလဲ ဆိုတာတော့ ကြေညာခဲ့ခြင်းမရှိပါဘူး။ ထို့ကြောင့် နှစ်ဖက်နိုင်ငံအကြား ပိုပြီး တင်းမာမှုလာပြီး အမေရိကန်ဘက်က ဘယ်လိုမျိုး လက်တုံ့ပြန်လာဦးမလဲဆိုတာလည်း တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ အခြေအနေအားလုံး ကောင်းမွန်ပါတယ်။ အီရန်ဘက်က အီရတ်ဘက်မှာ တပ်စွဲထားတဲ့ အမေရိကန် စစ်တပ်နှစ်ခုကိုလည်း တိုက်ခိုက်ခံရတဲ့ အခြေအနေကိုလည်း မှန်ကန်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ယခုအချိန်အထိ အခြေအနေအားလုံး ကောင်းမွန်လျှက်ရှိပါတယ် ။ ငါတို့မှာ အမိုက်စား စစ်လက်နက်တွ ဘယ်နေရာမဆိုရှိတယ်လို့ဆိုသွားပြီး နောက်ထပ် ကြေညာချက်ကိုတော့ မနက်ဖြန် မနက်မှာ ဆုံးဖြတ်ချက်ချသွားမယ် ” Twitter မှတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါတင်းမှာမှုတွေကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် မဟာမိတ်တပ်တွေပါဝင်လာကာ တတိယကမ္ဘာစစ်ဖြစ်လာမှာကိုလည်း တစ်ကမ္ဘာလုံးက ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ နိုင်ငံတစ်ဝှမ်းမှ ခေါင်းဆောင်းကြီးတွေကလည်း ပြသာနာတွေ ဒီထက်ပိုမဆိုးရွားစေဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေကိုလည်း တွေ့ရှိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အမေရိကန်- အီရန် တင်းမာမှုတွေ ဘယ်အချိန်တုန်းက စဖြစ်ခဲ့သလဲဆိုတာကို စာဖတ်သူတွေ သိချင်ကြမှာပါ။ အမေရိကန်- အီရန် ဆက်ဆံရေး သမိုင်းကြောင်း အနည်းငယ် အကျဉ်းချုပ် တင်ပြသွားပါမယ်။
photo ; အီရန်ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒက်
အမေရိကန်နှင့် အီရန်တို့ဟာ ၁၉၅၀ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာ အီရန်ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒက်က ရေနံလုပ်ငန်းကို ပြည်သူပိုင်သိမ်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲ့အချိန်က အီရန်ရေနံလုပ်ငန်းအများစုဟာ ဗြိတိန်လက်ထဲမှာရှိနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်တွေလည်း ပိုင်ဆိုင်ကြပါတယ်။ ဒါကြောင့် ရေနံကရရှိတဲ့ အကျိုးမြတ်တွေကို အီရန်ပြည်သူတွေ မခံစားရဘူးလို့ ယူဆတဲ့အတွက်ကြောင့် အီရန်ဝန်ကြီးချုပ်ဟာ ပြည်သူပိုင်သိမ်းချင်ခဲ့တာ ဖြစ်ပါတယ်။
photo ; မိုဟာမက် ရီဇာရှား
ထို့နောက် အီရန်ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒက်ဟာ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ထို့နောက် အမေရိကန်ကိုထောက်ခံတဲ့ “ရှားဘုရင်” လို့ကျော်ကြားတဲ့ မိုဟာမက် ရီဇာရှားက အဆိုပါ ရေနံလုပ်ငန်းကို ထိန်းချုပ်ခဲ့ပါတယ်။ ပြီးနောက် ဆားဗက်လို့ခေါ်တဲ့ ရဲထောက်လှမ်းရေးအဖွဲ့ကို သုံးကာ အတိုက်အခံတွေကို နှိမ်နှင်းခဲ့ပါတယ်။
ထို့နောက်ပိုင်း ဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီဟာ နိုင်ငံရေးမှာ ပြိုင်ဘက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာ “ရှားဘုရင်” မိုဟာမက် ရီဇာရှားကို ဝေဖန်ခဲ့သည့်အတွက်ကြောင့် ဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီဟာ အီရန်နယ်မြေအတွင်းမှာ နေခွင့်မရရှိခဲ့ဘဲ ပြည်ပကိုသွားရောက်ခိုလုံခဲ့ရပါတယ်။ ထို့နောက်ပိုင်းမှာ အီရန်ပြည်သူတွေက ရှားဘုရင် အုပ်ချုပ်တာကို လက်မခံကြတော့ဘဲ ဆန်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
photo; ဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီ
၁၉၇၉ ခုနှစ်မှာ ဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီဟာ ပြင်သစ်နိုင်ငံကနေ အီရန်နိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ပြည်သူအများစုကလည်း အယာတိုလာခိုမေနီကို ထောက်ခံ အားပေးလာကြပါတယ်။ ဒီနောက်ပိုင်းမှာ ပြည်သူတွေက လက်မခံတော့ကြတဲ့ ရှားဘုရင်ဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက်ခိုလုံခဲ့ရပါတယ်။ အဲ့အချိန်ကစပြီး အီရန်နိုင်ငံဟာ အစ္စလာမ်မစ် သမ္မတနိုင်ငံဖြစ်လာခဲ့ပြီး ဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီဟာ အီရန်နိုင်ငံ၏ အာဏာပါဝါကြီးတဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။
၁၉၇၉-၉၁ ခုနှစ်ကြားမှာ အယာတိုလာခိုမေနီကို ထောက်ခံတဲ့ ကျောင်းသားတွေဟာ တီဟီရန်မှာရှိတဲ့ အမေရိကန်သံရုံးကို ဝင်စီးပြီး အမေရိကန် ၅၂ ဦးကို ၄၄၄ ရက်ကြာဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စဟာ ယခုအချိန်အထိ အမေရိကန်တို့အတွက် မေ့လို့မရတဲ့ နာကျင်စရာ နေ့ရက်တွေဖြစ်ခဲ့ပါတယ်။ ထို့နောက်ပိုင်း အမေရိကန်ဟာ အီရန်အပေါ်ကို အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် အီရန်- အီရတ်စစ်ပွဲမှာ အီရတ်က အီရန်နယ်မြေထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အမေရိကန်က အီရတ်ကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း အီရန်တို့ဟာ အမေရိကန်တို့ကို မုန်းတီးစေခဲ့တဲ့ အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့ ယူဆပါတယ်။
အီရန်-အီရတ် စစ်ပွဲမှာ လူပေါင်း တစ်သန်းခန့်သေဆုံးခဲ့ရပြီး စစ်ပွဲတွေဟာ (၈) ကျော်ကြာမြင့်ခဲ့ပါတယ်။ ၈ နှစ်ကျော်ကြာ စစ်ပွဲတွေဖြစ်ပြီးတဲ့နောက်မှာ အယာတိုလာခိုမေနီဟာ အပစ်ရပ်သဘောတူညီမှုကို လက်ခံခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကာလမှာ အမေရိကန်- အီရန် ဆက်ဆံရေး ပိုပြီး ဆိုးရွားလာခဲ့ပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်နဲ့ အစ္စရေးဟာ နံပါတ်တစ်ရန်သူလို့ သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၈၈ မှာ အမေရိကန်စစ်သင်္ဘောဟာ အီရန်လေယာဉ်ကို ပစ်ချခဲ့ပါတယ်။ အမေရိကန်ဘက်က မှားပြီး ပစ်ခဲ့တာလို့ ဆိုခဲ့ပြီး တောင်းပန်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒါဟာ အီရန်တို့က အမေရိကန်ကို ပိုမိုမုန်းလာတဲ့ အကြောင်းအရာဖြစ်လာခဲပါတယ်။ ထို့အချိန်က အီရန်တို့ဘက် တစ်စုံတစ်ရာ တုံပြန်ခဲ့ခြင်းတော့ မရှိပါဘူး။ ၂၀၀၂ ခုနှစ်မှာ အမေရိကန်သမ္မတ ဂျော့ဒ်ဘတ်က သတိထားရမယ့်နိုင်ငံတွေထဲမှာ အီရတ် ၊ မြောက်ကိုရီးယားနဲ့အတူ အီရန်လည်း ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့နောက်ပိုင်း အီရန်အပေါ်ကို နိုင်ငံတကာက အရးယူပိတ်ဆို့မှုတွေပြုလုပ်ပါတယ်။ အီရန်ရဲ့ ရေနံလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းတော်တော်များများ ထိခိုက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အီရန်ဟာ နျူကလီးယားစီမံကိန်းတွေ စတင်လာခဲ့ပါတယ်။ ဒါပေမယ့် လက်နက်လုပ်ဖို့အတွက် မဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာရဲ့ ထိန်းချုပ်မှုကိုလည်း အီရန်က လက်ခံခဲ့ပါတယ်။ ၂၀၁၅ မှာ စာချုပ်အရ အီရန်အပေါ်ကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ အဆိုပါစာချုပ်ကနေ အမေရိကန်ကနှုတ်ထွက်သွားခဲ့ပါတယ်။ ဒါနောက်ပိုင်းမှာ အမေရိကန်က အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ထပ်လုပ်တယ်။ အီရန်အပေါ်ကို စစ်ရေးအရ အရေးယူဖို့အထိ စဉ်းစားခဲ့ပါတယ်။ ဒါ့နောက်ပိုင်း အီရန်ဘက်က ၂၀၁၅ စာချုပ်ကို လိုက်နာဖို့ မလိုတော့ဘူးလို့ ဆိုပါတယ်။
ဒါနောက်ပိုင်း ဒီနှစ်နိုင်ငံဟာ ယခုအခြေအနေအထိ တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အမေရိကန်- အီရန် တင်းမာနေမှုကိုလည်း ဘယ်လိုအခြေအနေတွေ ဆက်လက်ဖြစ်ပေါ်လာမလဲဆိုတာကို တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေကြပါတယ်။
Source ; BBC , Internet , CNN