လင်ယောက်ျားကို စိတ်ပျက်လွန်းလို့ မယားငယ်ထံ အပြီးရောင်းချ
08 Jan 2020 1,902 Views
စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့၊ ဒါမှမဟုတ် အိမ်ထောင်ရေး ဖောက်ပြန်နေလို့ လင်ယောက်ျားအပေါ် စိတ်ကုန်နေတဲ့ အိမ်ရှင်မတွေရှိရင် အခုလို ပြန်ရောင်းစားတဲ့ နည်းလမ်းက အထောက်အကူ ဖြစ်ပါလိမ့်မယ်။
အိမ်ထောင်သည်နဲ့ ဖောက်ပြန်တတ်ပြီး တော်တော်လေး ဆိုရှယ်ကျတယ်လို့ ဆိုရမယ့် အမျိုးသမီးတွေ ပြောလေ့ရှိတဲ့ လက်သုံးစကားက ‘လင်ငှားသုံးတာ အရှုပ်အရှင်းကင်းတယ်၊ အချိန်တန်ရင် မယားကြီးဆီ ပြန်ပို့လိုက်ရုံပဲ’တဲ့။ ဒီလို ငှားသုံးတတ်သူတွေကို ကြိုက်တတ်ရင် ဆောင်ထားဖို့ အမျိုးသမီးတစ်ဦးက သူ့ယောက်ျားကို ရောင်းပစ်ပြီး သင်ခန်းစာပေးလိုက်ပါတယ်။
ခင်ပွန်းဖြစ်သူဟာ မင်္ဂလာကုတင်ပေါ်မှာ အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်တင်းနှောနေတာကို လက်ပူလက်ကြပ်မိခဲ့တဲ့ ကင်ညာနိုင်ငံက အမျိုးသမီးကတော့ စိတ်ကုန်နေပြီဖြစ်တဲ့ သူ့ယောက်ျားကို ကင်ညာပိုက်ဆံ ၁၇၀၀ ရှိလင် (ကျပ် ၂၅,၀၀၀) နဲ့ မယားငယ်ကို အပြီးအပိုင်ရောင်းလိုက်ပါတယ်။
ရတဲ့ပိုက်ဆံတွေကို သားသမီးတွေအတွက် နှစ်သစ်ကူးလက်ဆောင် ဝယ်ပေးခဲ့ကြောင်း ဂါနာဝဘ်သတင်းမှာ ဖော်ပြထားပါတယ်။
Edna Mukwana ဟာ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေတာကို ကိုယ်တွေ့မြင်ခဲ့ရပြီးနောက် ရက်သတ္တပတ် တစ်ပတ်လောက် ခင်ပွန်းကို အိမ်ပေါ်ကနေ နှင်ချခဲ့ပါတယ်၊ အဲဒီအတောအတွင်းမှာ သေသေချာချာ စဉ်းစားပြီး ယောက်ျားကို မယားငယ်ထံမှာ အပြီးရောင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ယောက်ျားဟာ အရက်သမားဖြစ်ပြီး မိန်းမလိုက်စားလွန်းသူလည်းဖြစ်ပါတယ်။
ကင်ညာပိုက်ဆံ ၂၀၀၀ ရှိလင် နဲ့ ရောင်းဖို့ သဘောတူထားပေမယ့် မယားငယ်က ပိုက်ဆံ ၁၇၀၀ သာ ပေးခဲ့တဲ့အတွက် သဘောတူလက်ခံပြီး ဒီပိုက်ဆံတွေနဲ့ ကလေးတွေကို အဝတ်အစားတွေ ဝယ်ပေးလိုက်ပါတယ်။
အလားတူပဲ ယောက်ျားကို ပြန်ရောင်းတဲ့ ဖြစ်စဉ်မျိုး ၂၀၁၈ ခုနှစ်က ဂျာမဏီနိုင်ငံ ဟမ်းဘာ့ခ်မှာ ဖြစ်ခဲ့ဖူးပါတယ်။ “တစ်ပတ်ရစ်ယောကျ်ားရောင်းရန်ရှိသည်” ဆိုတဲ့ ကြော်ငြာကို အွန်းလိုင်း စျေးရောင်းတဲ့ eBay ဝဘ်ဆိုက်မှာ တင်ခဲ့ပြီး ကြမ်းခင်းစျေး ယူရို ၁၈ (ကျပ် ၃ သောင်းကျော်) နဲ့ လေလံ စဖွင့်ခဲ့ပါတယ်။
“အို.. စိတ်ဝင်စားကြတဲ့ အမျိုးသမီးအပေါင်းတို့..၊ ခရစ္စမတ်ရဲ့ နှစ်ရက်မြောက်နေ့မှာပဲ ကျွန်မတို့နှစ်ယောက် အတူတူနေဖို့ မဖြစ်နိုင်ဘူးဆိုတာ ကောင်းကောင်းကြီး သိလိုက်ရပါပြီ၊ ကျွန်မယောက်ျားကို စွန့်လွှတ်ပါတော့မယ်။ စျေးနှုန်းကိုတော့ ညှိနှိုင်းနိုင်ပါတယ်ရှင့်။ ဒါပေမယ့် ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ။ အကြောင်းစုံသိလိုပါက အီးမေးလ်နဲ့ ဆက်သွယ်နိုင်ပါတယ်” လို့ ရေးပြီး တင်ရောင်းခဲ့ပါတယ်။