BEC-TERO TV

စီးပွားတက်ချင်လို့ ရည်းစားကို သတ်စားတဲ့ သားအမိ

07 Jan 2020     1,461 Views


လူရဲ့ နှလုံးသားကို စားရင် စီးပွားလာဘ်လာဘရွှင်မယ်ဆိုတဲ့ အယူမှားကြောင့် ရည်းစားကို သတ်ပြီး နှလုံးဖောက်ကာ စားသောက်ခဲ့တဲ့အတွက် နိုက်ဂျီးရီးယားနိုင်ငံက သားအမိနှစ်ယောက် ဖမ်းဆီးခံထားရပါတယ်။

အသက် ၂၃ နှစ်အရွယ် Owolabi Adeeko ဟာ သူ့ရဲ့ရည်းစား Daley-Oladele ကို ဘုရားရှိခိုးကျောင်းသို့ ခေါ်ခဲ့ပြီး ဦးခေါင်းကို ငရုတ်ကျည်ပွေ့ဖြင့် ရိုက်သတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သူ့ရဲ့မိခင် Bola အသက် ၄၆ နှစ်က ဝင်ရောက်ကူညီခဲ့ပါတယ်။ အဲဒီနောက် မိန်းကလေးရဲ့ နှလုံးနဲ့ ရင်သားတို့ကို သားအမိနှစ်ယောက် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။

အစီအရင်ကို လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပြုလုပ်မှ အစွမ်းထက်ပြီး စီးပွားတက် ချမ်းသာလာမယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲဒီယုံကြည်မှုက မမှန်ဘူးလို့ Adeeko က ဝန်ခံခဲ့ပါတယ်။

Adeeko ရဲ့မိခင်ဟာ အိမ်ရဲ့စီးပွားရေးကို ပင်တိုင်ရှာရသူဖြစ်ပြီး စီးပွားရေးမကောင်းသဖြင့် ဘုရားကျောင်းက သင်းအုပ်ဆရာထံ ချဉ်းကပ်မေးမြန်းရာမှ စီးပွားတက်ချင်ရင် လူတစ်ယောက် ခေါ်လာခဲ့လို့ ညွှန်ကြားခဲ့ပါတယ်။ Adeeko က သူရဲ့ ရည်းစားကို ခေါ်သွားခဲ့ရာမှ အခုလို လူသတ်ပြီး လူသားစားမှုကြီး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“တစ်ကယ်တော့ ဒီလိုလုပ်ပြီးနောက်ပိုင်းလည်း ဘာမှမပြောင်းလဲလာပါဘူး။ ကျွန်တော်တို့သားအမိ အခုလောက်ထိ ကြိုးစားအားထုတ်ခဲ့ကြပေမယ့် စီးပွားရေးက ပိုကောင်းမလာခဲ့ပါဘူး”

“စီးပွားတက် အစီအရင် က အလုပ်မဖြစ်ပါဘူး” လို့ ဆိုပါတယ်။

Adeeko တို့ သားအမိနှစ်ယောက်စလုံးကို ရဲကဖမ်းဆီးထားပြီး ဘုရားကျောင်းက သင်းအုပ်ဆရာကိုလည်း လူသားကို ချက်ပြုတ်ပေးသူ သံသယတရားခံအဖြစ် ထိန်းသိမ်းထားပါတယ်။ Adeeko ဟာ မကြာသေးခင်ကမှ ဘွဲ့ရထားသူဖြစ်ပြီး သူ့ရဲ့ချစ်သူ Daley-Oladele ကို စတေးပြီး သတ်ဖြတ်မိတဲ့အတွက် နောင်တရနေပါတယ်။

မိခင်ဖြစ်တဲ့ Bola ကတော့ မိန်းကလေးသေဆုံးမှုကို သူမလုံးဝ မသိပါဘူးလို့ ငြင်းဆိုထားပြီး၊ အစီအရင်တွက် သူမစားခဲ့တာဟာ ဆိတ်သားတွေဖြစ်ပြီး စားပြီးနောက် ပြန်အန်ထွက်ခဲ့တယ်လို့ ပြောဆိုပါတယ်။

သေဆုံးခဲ့သူ အသက် ၂၂ နှစ်အရွယ် Daley-Oladele ဟာ လားဂိုစ့်စတိတ်တက္ကသိုလ်မှ လူမှုဗေဒပညာရပ် ကျောင်းသူ ဖြစ်ပါတယ်။ Oladele ရဲ့ ဖခင်က သမီးအတွက် တရားဥပဒေ အမှန်တရားသာ လိုချင်ကြောင်း၊ သူမရဲ့မိခင်မှာလည်း သမီးစိတ်နဲ့ အိပ်ယာထဲ ဘုံးဘုံးလဲကာ ဆေးရုံတင်ထားရတဲ့အတွက် မိသားစုအတွက် အဆိုးရွားဆုံးအခြေအနေတွေကို ဖြတ်ကျော်နေရကြောင်း ပြောကြားခဲ့ပါတယ်။


07 Jan 2020     1,461 Views




RELATED

Most Popular of Special or Others

Most Popular of NEWS