သူ့ကိုလက်ထပ်မှသာ လျော်ကြေးပေးမည်ဟု ယာဉ်တိုက်မှုကျူးလွန်သူက တောင်းဆို
07 Jan 2020 1,476 Views
မူးယစ်သောက်စားပြီး မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် အမျိုးသမီးတစ်ဦး ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးကာ ဒုက္ခတိဖြစ်ခဲ့ရပါတယ်။ ယာဉ်တိုက်မှုကျူးလွန်သူက သူမ၏ ဆေးကုသစရိတ်နဲ့ နစ်နာကြေးများ ရလိုပါက သူ့ကို့လက်ထပ်မှသာ ပေးမည်ဟု ပြောဆိုခဲ့ပါတယ်။
ယာဉ်မတော်တဆမှုဟာ တရုတ်နိုင်ငံ အန်းဟွီစီရင်စုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့ပါတယ်။ ‘ကျန်း’ ဟုအမည်ရသူ အမျိုးသားက အရက်မူးပြီး ကားမောင်းလာစဉ် ယာဉ်လမ်းကြော စည်းခြားထားသော အကာအရံများကို အရှိန်နဲ့ ဖြတ်တိုက်မိကာ သူ၏ ကားထဲတွင် အတူပါလာသော ‘မား’ ဟု အမည်ရတဲ့ အမျိုးသမီးတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
‘မား’ဟာ ဆေးရုံပေါ်မှာ ၂ လကျော်ကြာ ဆေးကုသမှုခံယူနေရပြီး သူမရဲ့ ဘယ်ဘက်ခြေထောက်က အကောင်းအတိုင်း ပြန်မဖြစ်တော့သလို ညာဘက်ခြေထောက်ကိုလည်း ဖြတ်ပစ်လိုက်ရပါတယ်။
အခုလို အဖြစ်ဆိုးမျိုး ကြုံရမည့်နေ့က ‘မား’ကို သူမရဲ့ သူငယ်ချင်းတစ်ယောက်က အမျိုးသားတစ်ယောက်နဲ့ မိတ်ဆက်ပေးမည်ဟု ဆိုကာ ချိန်းဆိုခဲ့သဖြင့် လျှပ်စစ်စက်ဘီးလေးနဲ့ ရောက်သွားခဲ့ပါတယ်။ အဲဒီနောက် သူငယ်ချင်းက သူမကို ‘ကျန်း’ နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ‘မား’ က ‘ကျန်း’ ကို မြင်မြင်ချင်း သဘောမကျသဖြင့် ချက်ခြင်းလှည့်ပြန်ရန်လုပ်စဉ် သူငယ်ချင်းက အတင်းတားသဖြင့် အားနာပြီး အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်ကို လိုက်သွားခဲ့ပါတယ်။ ဆိုင်မှာ ‘မား’ ရော ‘ကျန်း’ ပါ နှစ်ယောက်စလုံး ဝိုင်အရက် သောက်ခဲ့ကြပါတယ်။ အဲဒီနောက် ‘မား’ က အိမ်ပြန်ရန် ပြင်ဆင်စဉ် ‘ကျန်း’ က စက်ဘီးသော့ကို လက်ထဲက အတင်းလုပြီး စက်ဘီးကိုလည်း ကားပေါ်တင်ကာ အိမ်ပြန်လိုက်ပို့ပေးမည်ဟု အတင်းအကျပ်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ကားပေါ်အတင်းတက်ခိုင်းခဲ့ပြီး အိမ်ပြန်လိုက်ပို့ခဲ့ပါတယ်။ လမ်းခရီးမှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။
“ကားလိမ့်ထွက်ပြီး မှောက်သွားတာ ကျွန်မရုတ်တရက်ခံစားလိုက်ရတယ်။ ခြေထောက်က မခံစားနိုင်လောက်အောင် နာလွန်းလို့ သတိလစ်သွားတယ်၊ ပြန်သတိရလာတော့ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပြီဆိုတာ သိလိုက်ရတယ်” ဟု ‘မား’ က စိတ်ထိခိုက်စွာ ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ ‘ကျန်း’ က ကနဦးလျော်ကြေးအဖြစ် ယွမ် ၉၀,၀၀၀(ကျပ် ၁၈၉ သိန်းကျော်) ပေးထားပြီးဖြစ်ပေမယ့် သူမရဲ့ခွဲစိတ်ကုသမှု စရိတ်တွေကို ပေးဖို့ ငြင်းဆန်နေတယ်လို့ ‘မား’ရဲ့ မိခင်ဖြစ်သူက ‘ရှား’ က ဆိုပါတယ်။
‘ရှား’ ဟာ လင်ယောက်ျားမရှိသူဖြစ်ပြီး ကိုယ်ကာယလေ့ကျင့်ရုံ တစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သူဖြစ်ပါတယ်။ ‘မား’ရဲ့ ဆေးကုသမှုကုန်ကျစရိတ်အတွက် ယွမ် ၅၀,၀၀၀ ကို သူငယ်ချင်းနဲ့ ဆွေမျိုးအသိုင်းဝိုင်းတွေဆီကနေ ချေးငှားထားရပါတယ်။
‘မား’ အနေနဲ့ ဆေးကုသမှုကုန်ကျစရိတ်တွေ အားလုံးကို ပေးလျော်စေလိုပါက သူ့ကိုလက်ထပ်ရန်နှင့် ယာဉ်တိုက်မှုအတွက် ပြစ်ဒဏ်ပေါ့လျော့စေရန် အသာနားခံစာကို ရေးသားပေးရမည်ဟု ‘ကျန်း’ က တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံဥပဒေအရ အရက်သေစာသောက်စားမောင်းနှင်သူများကို အယ်လ်ကိုဟော တိုင်းတာစစ်ဆေးချက် ၀.၀၈ အောက် လျော့နည်းပါက ယာဉ်မောင်းလိုင်စင် ၆ လ ပိတ်သိမ်းခံရမည်ဖြစ်ပြီး ၀.၀၈ ထက်ကျော်လွန်ပါက ထောင်ဒဏ် ၃ နှစ်နဲ့ ယာဉ်မောင်းလိုင်စင် ၅ နှစ်ထိ ပိတ်သိမ်းခံရမည်ဖြစ်သည်။