ပထွေးရဲ့ ဒဏ်ပေးကြမ်းချက်က ကလေးဒူးခေါင်းနှစ်ဖက်စလုံး ရစရာမရှိ
20 Dec 2019 1,596 Views
ငယ်ငယ်တုန်းက အပြစ်တစ်ခုခုလုပ်မိရင် ကြမ်းပြင်ပေါ်မှာ ဒူးထောက်လက်မြှောက်ပြီး ဒဏ်ပေးခံရတာ ကြုံဖူးတဲ့လူတွေရှိကြမှာပါ။ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထားရတာ အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက် နာကျင်တယ်ဆိုတာကို ခံစားဖူးတဲ့သူတွေ သိကြပါတယ်။
အသက် ၈ နှစ်အရွယ် ကလေးကို ပထွေးဖြစ်သူက ခပ်ကြမ်းကြမ်းဒဏ်ပေးခဲ့တာကြောင့် သူ့ရဲ့ဒူခေါင်းနှစ်ဖက်စလုံးမှာ ပန်းဂျုံစေ့တွေစိုက်ဝင်ခဲ့ပြီး ကလေးဟာ ဆေးရုံပေါ်မှာ တစ်လလောက် ကုသမှုခံယူခဲ့ရပါတယ်။
Daily Mail မှာ ဖော်ပြထားတဲ့သတင်းအရ ရုရှားနိုင်ငံက အသက် ၈ နှစ်အရွယ် ကလေးကို အိမ်ပြန်နောက်ကျရကောင်းလားဆိုပြီးတော့ ပထွေးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် Sergey Kazakov ဆိုသူက ကောင်လေးကို ခပ်ပြင်းပြင်း ဆောင့်ကန်ကာ ဆံပင်ဆွဲပြီးနောက် ကြမ်းပြင်ပေါ်မှာ ပန်းဂျုံစေ့တွေကျဲချပြီး အဲဒီအပေါ်မှာ ၉ နာရီကြာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးခဲ့ပါတယ်။
ပန်းဂျုံစေ့ဟာ အလွန်မာကျော့တဲ့ အစေ့ဖြစ်တဲ့အပြင် လုံးချောမနေပဲ ထက်မြတဲ့ ဇောင်းမြှောင်တွေရှိတာကြောင့် ဘယ်လောက်တောင် နာကျင်လိုက်မလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကလေးရဲ့ မိခင်အရင်းဖြစ်သူကလည်း ပထွေးက အခုလို ခပ်ကြမ်းကြမ်းဒဏ်ပေးတာကို ဆုံးမတာလို့ပဲ သဘောထားပြီး ခွင့်ပြုခဲ့တာကြောင့် ကလေးဘက်က ကာကွယ်မယ့်သူ မရှိခဲ့ပါဘူး။ ဒါ့အပြင် အခုလို ဒဏ်ပေးတာကို ပထွေးဖြစ်သူက ဖုန်းကင်မရာနဲ့ ဗီဒီယိုမှတ်တမ်းပါ တင်ခဲ့ကြပါတယ်။ သူတို့လင်မယားဟာ တစ်ခါတုန်းကလည်း ကလေးကို ၄ ရက်လောက် အစာမကျွေးပဲ အပြစ်ပေးတာမျိုး လုပ်ခဲ့ဖူးပါသေးတယ်။
ကလေးဟာ နာကျင်လွန်းလို့ အော်တဲ့အသံက အိမ်နီးချင်းတွေ ကြားသွားပြီးနောက် ရောက်လာကြပြီး ကလေးကို ချက်ခြင်းပဲ ဆေးရုံပို့ခဲ့ကြပါတယ်။ ဆေးရုံရောက်တဲ့အခါမှာတော့ ကလေးရဲ့ ဒူခေါင်းနှစ်ဖက်စလုံးမှာ မြင်မကောင်းလောက်အောင် ဂျုံစေ့တွေ စူးစူးနစ်နစ် စိုက်ဝင်နေတာကို တွေ့ရပါတယ်။ ဂျုံစေ့တွေကို ဒီတိုင်းဖယ်ရှားလို့ မဖြစ်နိုင်တာကြောင့် ကလေးကို မေ့ဆေးပေးပြီးမှ ဖယ်ရှားခဲ့ရပါတယ်။ ကလေးဟာ ဆေးရုံပေါ်မှာ တစ်လလောက် ကုသမှုခံယူခဲ့ရပါတယ်။
ဒီအမှုအတွက် ပထွေးနဲ့ မိခင်ဖြစ်သူတို့ကို ရဲအဖွဲ့က စုံစမ်းစစ်ဆေးပြီး တရားစွဲဆို အမှုရင်ဆိုင်သွားရမှာဖြစ်ကြောင်း သိရသည်။