လေဆိပ်သန့်ရှင်းရေးဘဝကနေ ၂၄ နှစ်အကြာမှာ လေယာဉ်မှူးကြီးဖြစ်လာသူ
20 Dec 2019 1,643 Views
“ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်” ဆိုတဲ့ စကားရှိပါတယ်။ အရေးကြီးတာက ကိုယ်ရောက်နေတဲ့ နေရာမှာ စိတ်ပျက်အားလျှော့ပြီး ကြိုးစားမှုကို ရပ်မပစ်လိုက်ဖို့ပါပဲ။ ဒီလိုလူတွေဟာ လက်ရှိအခြေအနေမှာ မည်မျှပင် နိမ့်ကျနေစေကာမူ တစ်နေ့မှာတော့ အောင်မြင်သူတွေ ဖြစ်သွားကြတာချည်းပါပဲ။ လက်တွေပြစရာ သာဓကတွေအများကြီးထဲက လေဆိပ်သန့်ရှင်းရေးသမားဘဝကနေ ၂၄ နှစ်အကြာမှာ ခရီးသည်တင်လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကြီးဖြစ်လာခဲ့တဲ့ သူတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။
‘မိုဟာမက်အဘူဘာကာ’ ဟာ နိုက်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ မြို့သေးသေးလေးတစ်မြို့က လူငယ်လေးဖြစ်ပါတယ်တယ်။ သူဟာ အဲဒီမြို့မှာပဲ အထက်တန်းကျောင်း အောင်ခဲ့ပါတယ်။ ‘ကဒူနာ ပေါ်လီတက္ကနစ်’ နည်းပညာကျောင်းကို တက်ဖို့ စာရင်းသွင်းရာမှာ အချိန်နောက်ကျခဲ့တာကြောင့် ကျောင်းက သူ့ရဲ့လျှေက်လွှာကို ပယ်ချခဲ့ပါတယ်။
အဲဒီနောက် ဘာလုပ်ရမှန်းမသိတဲ့ ‘အဘူဘာကာ’ဟာ ကဒူနာမြို့က ‘ကာဘို’လေဆိပ်မှာ လေယာဉ်သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လျှောက်ခဲ့ပါတယ်။ အဲဒီအလုပ်က တစ်ရက်ကို နိုက်ဂျီးရီးယားပိုက်ဆံ ၂၀၀ (ဒေါ်လာ ပြား ၅၀) ပဲရပါတယ်။ သူ့ဟာ အလုပ်ထဲမှာ အမြဲတမ်း ကြိုးကြိုးစားစား အလုပ်လုပ်တဲ့အတွက် အထက်အရာရှိ စူပါဘိုက်ဇာတွေက သဘောကျခဲ့ပြီး လေကြောင်းလိုင်းရဲ့ မြေပြင်ဝန်ထမ်း Ground staff အဖြစ် ပြောင်းလဲခန့်အပ်ခံရပါတယ်။ ဒီလိုနဲ့ ‘အဘူဘာကာ’ က ကုမ္ပဏီအတွက် တာဝန်ထမ်းခဲ့စဉ် တလျှောက်လုံး လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ကလွဲရင် နေရာအားလုံးနီးပါးမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကပဲ သူ့အတွက် လေကြောင်းနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အများကြီး အထောက်အပံ့ဖြစ်ခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် လေယာဉ်မောင် အလုပ်ကို အင်တာဗျူးဝင်ရောက်ဖြေဆိုခဲ့ရာမှာ အောင်မြင်ခဲ့ပြီး Kabo Air လေကြောင်းလိုင်းမှာ လေယာဉ်မောင် ဖြစ်လာခဲ့ပါတယ်။ Kabo Air မှာ လေယာဉ်မောင်အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး တစ်လကို နိုက်ဂျီးရီးယားငွေ ၁၇,၀၀၀ (ဒေါ်လာ ၄၇)ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Aero Contractors ကုမ္ပဏီကို ပြောင်းခဲ့ပြီး ရေနံနဲ့သဘာဝဓါတ်ငွေ့ဌါနအောက်မှာ လေယာဉ်မောင်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီမှာတော့ လေကြောင်းလိုင်းတွေရဲ့ ပျံသန်းချိန်ပုံစံမျိုးနဲ့မဟုတ်ပဲ ကုမ္ပဏီရဲ့ ကိုယ်ပိုင်အချိန်ဇယားတွေအရ ပျံသန်းတဲ့ ခရီးစဉ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ရတာပါ။ အဲဒီမှာလည်း ‘အဘူဘာကာ’ က သူတတ်နိုင်သလောက် ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့တဲ့အတွက် ကုမ္ပဏီရဲ့ ဒုတိယအမှူဆောင်ဒါရိုက်တာက မျက်စိကျသွားခဲ့ပါတယ်။ ‘အဘူဘာကာ’ နဲ့ ကုမ္ပဏီထိပ်တန်းအရာရှိတို့ရဲ့ ကြားက ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်လာပါတယ်။
Aero ကုမ္ပဏီမှာ ပထမဦးဆုံး သူ့ရဲ့လစာ စာရွက်ကို ဖွင့်ဖောက်ကြည့်လိုက်တဲ့အခါ နိုက်ဂျီးရီးယားငွေ ၁၇၀,၀၀၀ (ဒေါ်လာ ၄၇၀)ရလို့ အရမ်းကို အံ့သြသွားခဲ့ပါတယ်။ သူဟာ ကုမ္မဏီမှာ လစဉ် မဲစုဆောင်းတဲ့ အစီစဉ်မှာ ရင်းနှီးမြုတ်နှံမှုတစ်ခုလို သဘောထားကာ မှန်မှန်ဝင်စုခဲ့ပါတယ်။ သူစုမဲထုတ်ရမယ့် အလှည့်မှာတော့ ငွေတွေအလုံးအရင်းနဲ့ ပြန်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ အမှူဆောင်ဒါရိုက်တာဆီကိုသွားပြီး လေယာဉ်မှူးသင်တန်းတက်လိုတဲ့ သူရဲ့အိပ်မက်ကို ပြောပြခဲ့ပါတယ်။
‘အဘူဘာကာ’ ဟာ သူ့ရဲ့ အမှူဆောင်ဒါရိုက်တာရဲ့ အားပေးထောက်ပံ့မှုတို့နဲ့အတူ ကနေဒါနိုင်ငံက လေယာဉ်မှူးသင်တန်းကျောင်းကို တက်ရောက်ခွင့်ရခဲ့ပြီး သင်တန်းအောင်မြင်ခဲ့ကာ ကိုယ်ပိုင်လေယာဉ်ငယ်တွေကို ပျံသန်းမောင်းနှင်ခွင့်လိုင်စင် ရရှိခဲ့ပါတယ်။
နိုက်ဂျီးရီးယားကို လေယာဉ်မောင်းလိုင်စင်နဲ့အတူ ပြန်ရောက်လာခဲ့ပေမယ့် ခရီးသည်တင်လေယာဉ်မောင်းနှင်ခွင့် လိုင်စင်ရဖို့ အခက်ကြုံခဲ့ရပြန်ပါတယ်။ ဒီသင်တန်းကိုတက်ဖို့ သူ့မှာငွေကြေးအလုံအလောက် မရှိခဲ့ပါဘူး။ ဒီတစ်ခါမှာလည်း ကုမ္ပဏီရဲ့ အမှူဆောင်ဒါရိုက်တာဆီကို တစ်ခါထပ်သွားပြီး ချဉ်းကပ်ကာ အကူအညီတောင်းရပြန်ပါတယ်။ ကုမ္ပဏီက နောက်တစ်ကြိမ်ထပ်ပြီး ကူညီခဲ့တဲ့အတွက် ကနေဒါကိုပြန်သွားကာ ခရီးသည်တင်လေယာဉ်မှူးလက်မှတ်အတွက် သင်တန်းတက်ရောက်နိုင်ခဲ့ပါတယ်။
‘အဘူဘာကာ’ ဟာ သူ့ကိုပညာသင်ကြားထောက်ပံ့ပေးခဲ့တဲ့ Aero Contractors ကုမ္ပဏီမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် Azman Air လေကြောင်းလိုင်းမှာ လေယာဉ်မှူးအဖြစ် ခန့်အပ်ခြင်းခံရပြီး အခုဆိုရင် တာဝန်ထမ်းဆောင်နေတာ ၃ နှစ်ဝန်းကျင် ရှိသွားပြီဖြစ်ပါတယ်။
‘အဘူဘာကာ’ ဟာ လေဆိပ်သန့်ရှင်းရေးသမားလေးဘဝကနေ ၂၄ နှစ်ကြာပြီးတဲ့နောက်မှာ သူ့ရဲ့အိပ်မက်တွေအတိုင်း လေယာဉ်မှူးကြီးဖြစ်လာခဲ့ပါတယ်။ ဒါဟာ ရောက်တဲ့နေရာတိုင်းမှာ အလုပ်တာဝန်ဟူသမျှကို စိတ်ပါလက်ပါနဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ ရလာဒ်ပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ လက်ရှိမှာ ဘယ်အခြေအနေမျိုးကို ရောက်နေပါစေ အလုပ်မှာ စေတနာအပြည့်ထားပြီး ကြိုးစားသင့်ပါတယ်၊ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့ စကားက လက်တွေ့အမှန်ဖြစ်ပါတယ်။