ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းကို မယားငယ်ငယ်လေးက ရိုက်နှက်နေတဲ့ ရုပ်သံ
19 Dec 2019 1,604 Views
ရုပ်သံကိုကြည့်ပြီး အရမ်းစိတ်မကောင်းဖြစ်ရသလို အမျိုးသားတွေအတွက်လည်း သံဝေဂ ရစရာကောင်းပါတယ်။ ကိုယ့်ထက်အသက် တစ်ဝက်လောက် ငယ်တဲ့ ဇနီးမယားကို ရထားလို့ ကိုယ်ရှာနိုင်ဖွေနိုင်တဲ့အချိန် မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ လက်မထောင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးချို့ယွင်းပြီး နာတာရှည်ဖြစ်လာတဲ့အခါကျမှ ဇနီးငယ်ငယ်လေးရဲ့ စိတ်ရင်းစေတနာမှန်ကို သိလိုက်ရပါတယ်။
လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီး ပြောဆိုဝေဖန်မှုတွေ များနေတဲ့ ရုပ်သံမှာ ကျန်းမာရေးမကောင်းတဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသားကို အသက် ၃၅ နှစ်အရွယ် သူ့ရဲ့ဇနီးက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုပြီး ရိုက်နှက်နေတာကို စိတ်မကောင်းစရာ မြင်တွေ့ရပါတယ်။
ရုပ်သံထဲက အမျိုးသားဟာ လေဖြတ်ပြီးနောက် ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့တဲ့ အယ်လ်ဇိုင်းမား ဝေဒနာခံစားနေရတာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ဦးနှောက်ဟာ ပုံမှန်အလုပ်မလုပ်တော့တဲ့အတွက် စကားလည်း မပြောနိုင်တော့သလို၊ ချီးပါသေးပေါက် စတာတွေကိုလည်း ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပါဘူး။
နာတာရှည်ရောဂါသည် ခင်ပွန်းရဲ့ ဝေယျာဝိစ္စတွေကို အမြဲလုပ်ပေးနေရတဲ့ ဇနီးသည် “ဂျူလီယာနာ” က သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့ရောဂါဟာ လူကောင်းတစ်ယောက်လို ဘယ်တော့မှပြန်ဖြစ်လာမှာ မဟုတ်တော့ဘူးဆိုတာ သိထားပါတယ်။ အမျိုးသားဟာ သူ့ရဲ့ဘောင်းဘီထဲမှာပဲ အမြဲတမ်း မစင်စွန့်တဲ့ကိစ္စဟာ သူမကို ဒေါသအဖြစ်စေဆုံးဖြစ်ပါတယ်။ အခုလည်း အမျိုးသားက ဘောင်းဘီထဲမှာပဲ မစင်စွန့်ပြီး သူ့ရဲ့တင်ပါးကို ဟိုကုတ်ဒီကုတ်လုပ်နေတဲ့အတွက် ဒေါသမထိန်းနိုင်တဲ့အဆုံးမှာ လမ်းလျှောက်တုတ်နဲ့ ရိုက်နှက်နေတာဖြစ်ပါတယ်။ မိန်းမကို ကြောက်လွန်းလို့ တအအနဲ့ စကားလည်းမပြောနိုင်ပဲ အော်နေရှာတဲ့ အမျိုးသားရဲ့ အဖြစ်က စိတ်မကောင်းစရာ ကောင်းလွန်းပါတယ်။
အင်ဒိုနီးရှားက လင်မယားဖြစ်ပြီး မိန်းမဖြစ်သူက “သေစမ်း! နင်ဘာလို့ခုထိ မသေသေးတာလဲ?” လို့ အော်ဟစ်ပြောဆိုနေတာကို ကြားရပါတယ်။ ဒီရုပ်သံဖိုင်နဲ့အတူ ရဲတိုင်ကြားခံရတာကြောင့် ရဲတွေလာရောက်စစ်ဆေးခဲ့ရာမှာ ဂျူလီယာက အကယ်၍ သူ့ယောက်ျားက အင်ဒိုနီးရှားရူပီး ၁ ဘီလီယံ (ကျပ်သိန်း တစ်ထောင်ကျော်)ပေးမှ ကွားရှင်ပေးမယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ရဲတွေက အမျိုးသားရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်ပြီး မိသားစုအရင်းတွေရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာပဲထားဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။
အိမ်ထောင်ဘက်ဆိုတာ အရင်းနှီးဆုံးသူစိမ်းတွေသာဖြစ်ကြပြီး အခုလိုမျိုးကျန်းမာရေး ချို့ယွင်းသွားတဲ့အခါ အဆုံးစွန်ထိ သည်းခံပြုစုနိုင်ဖို့ဆိုတာ ရှားပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်းက ဂရုစိုက်ကြပါလို့ ဖော်ပြလိုက်ရပါတယ်။