အွန်လိုင်းဂိမ်းမှာတွေ့တဲ့ ကောင်လေးနဲ့ ၁၂ နှစ်သမီး ခိုးရာလိုက်ပြေး
17 Dec 2019 1,666 Views
ဒုက္ခပါပဲ..! မိဘတွေတော့ ရင်ကျိုးရချည်ရဲ့..။
ယနေ့ခေတ်စားနေတဲ့ “မိုဘိုင်းလဲဂျင့်” တို့လို အွန်လိုင်းဂိမ်းကို စွဲစွဲလန်းလန်း ကစားနေတဲ့ကလေးတွေ အိမ်မှာရှိရင် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကိုကိုယ် မျက်ခြေမပြတ် စောင့်ကြည့်နေသင့်တယ်လို့ ဒီသတင်းက အချက်ပေးလိုက်တာပါပဲ။ ကလေးက သူဟာသူ ဂိမ်းကစားနေတာပဲ အန္တရာယ်မရှိပါဘူးလေဆိုပြီး လွှတ်ထားဖို့ မသင့်တော့ပါဘူး။
အွန်လိုင်းဂိမ်းတွေဟာ ဂိမ်းကစားနိုင်ရုံတစ်ခုထဲ သက်သက်တည်ဆောက်ထားတာမဟုတ်ပါဘူး၊ လူမှုကွန်ယက်တွေမှာလို စာသားရော အသံနဲ့ပါ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်တဲ့ လုပ်ဆောင်ချက်တွေအပြင် ဂိမ်းထဲမှာသုံးတဲ့ ပစ္စည်းတွေကိုပါ ရောင်းဝယ်နိုင်အောင် ဖန်တီးထားကြတာမို့ လူမှုကွန်ယက်တွေထက်တောင် သာတဲ့အချက်တွေရှိပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလက တရုတ်နိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် ‘ရှောက်ကျန်း’ ဆိုသူမိန်းကလေးက မိဘတွေနဲ့ စကားများပြီး အွန်လိုင်းဂိမ်းပေါ်ကနေ ချစ်သူတွေဖြစ်သွားတဲ့ အသက် ၁၅ နှစ်အရွယ် ‘ရှောင်လီ’ဆိုတဲ့ ကောင်လေးနောက်ကို လိုက်ပြေးသွားခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ လျှို့ဝှက်အစီစဉ်အရ ကောင်လေးဟာ သူနေထိုင်ရာ ‘ထိုင်ယူအန်း’ မြို့ကနေ ကောင်မလေးရှိတဲ့ စီချွမ်းပြည်နည် ‘တကျို’မြို့ကို ရထားစီးလာပြီး ခေါ်ယူကာ သူ့အိမ်ကို ခိုးသွားဖို့ဖြစ်ပါတယ်။
ကောင်မလေး ခိုးရာနောက် ပါသွားပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူက သူတို့အစီစဉ်ကို သိသွားတာကြောင့် မီးရထားရဲကို ချက်ခြင်းလှမ်းပြီး အကြောင်းကြားခဲ့ပါတယ်။ နောက်တစ်ရက်အကြာမှာတော့ ဂျီလင်းရထားလိုင်းက ကလေးစုံတွဲ တစ်တွဲကို သူတို့ရဲ့ရထားတွဲပေါ်မှာ ဘယ်လိုရှာတွေ့ခဲ့တယ်ဆိုတဲ့ ရုပ်သံကို သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ဆေးမေးမြန်းမှုတွေအရ သူတို့နှစ်ယောက်ဟာ အရင်ကတစ်ခါမှ အပြင်မှာမတွေ့ဖူးကြပဲ အွန်လိုင်းဂိမ်းဆော့ရင်း လွန်ခဲ့တဲ့ လအနည်းငယ်က ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ ‘ရှောင်လင်း’ က ဝန်ခံခဲ့ပါတယ်။
မိန်းကလေးဖြစ်တဲ့ ‘ရှောက်ကျန်း’ က သူမဟာ မိဘတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် အိမ်မှာမနေတော့ဘူးလို့ ဆုံးဖြတ်ကာ သူမရဲ့ အွန်လိုင်းပေါ်က ရည်းစားကို ‘တိုင်ယူအန်း’မြို့မှာ လိုက်ရှာပြီး အတူနေကြမယ်၊ သူမအလုပ်တစ်ခုခုရပြီးတော့မှ မိဘအိမ်ပြန်မယ်လို့ ကနဦးက စိတ်ကူးခဲ့တာဖြစ်ပါတယ်။
‘ရှောင်လင်း’ ဟာ အခုလို ပြန်လည်ဖမ်းမိခဲ့တာတောင် သူ့ကိုယ်သူ ယုံကြည်မှုရှိနေပါတယ်။ သူ့မှာ တစ်လ ဝင်ငွေ ယွမ် ၁၈၀၀ ရတဲ့ အလုပ်ရှိတာကြောင့် သူတို့နှစ်ယောက်အတွက် အဆင်ပြေလုံလောက်ကြောင်း၊ အခန်းတစ်ခန်းငှာကာ ‘ရှောက်ကျန်း’အနေနဲ့ အွန်လိုင်းဂိမ်းကို စိတ်ချမ်းချမ်းသာသာနဲ့ စိတ်ကြိုက်ကစားနိုင်အောင် ဖန်တီးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
သူတိုနှစ်ယောက်ကိုတော့ ရထားပေါ်က ခရီးသည်အချို့ရဲ့ အကူအညီတွေနဲ့ ပြန်လည်ဖမ်းမိခဲ့ပြီး မှဲ့တစ်ပေါက်မှမစွန်းသေးခင် မိဘတွေရဲ့လက်ထဲကို အသီးသီးပြန်လည် အပ်နှံနိုင်ခဲ့ပါတယ်။