ကစ်ကစ်အတွက်ရေးသားတဲ့ ခင်သဇင်ရဲ့ ယူကြုံးမရဖြစ်ဖွယ် ဝမ်းနည်းစရာ စာတစ်စောင်
27 Nov 2019 1,566 Views
အနုပညာလောကထဲမှာ ဟာသသရုပ်ဆောင်၊ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတို့ကိုရရှိခဲ့တဲ့ သရုပ်ဆောင်ကစ်ကစ်ကတော့ ကျောက်ကပ်ရောဂါဝေဒနာကို နှစ်ရှည်လများ ခံစားနေခဲ့ရသူပါ။ ပြင်းထန်တဲ့ရောဂါဝေဒနာကြောင့် အနုပညာအလုပ်တွေကိုပါ ရပ်နားခဲ့ရပြီး အရင်လို ကျန်းမာရေးပြန်လည်ကောင်းမွန်လာမယ့်အချိန်ကိုစောင့်ဆိုင်းရင်း ဆေးကုသမှုခံယူနေခဲ့တာပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ကျန်းမာရေးအတွက် ဆေးကုသစရိတ်နဲ့ ငွေကြေးအင်အားတို့မတတ်နိုင်တဲ့ သရုပ်ဆောင်ကစ်ကစ်ကို အဆိုတော်ခင်သဇင်က အစအဆုံးတာဝန်ယူကာ ကစ်ကစ်ရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့ ဆေးကုသပေးနေတာဖြစ်ပါတယ်။ တစ်ချို့စေတနာရှင်၊ အလှူရှင်များစွာကလဲ သူတို့ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့ တတ်နိုင်တဲ့ငွေကြေးများထည့်ဝင်လှူဒါန်းကြပါသေးတယ်။
ကစ်ကစ်က သူမအနေနဲ့လဲ ကျန်းမာရေးပြန်ကောင်းလာဖို့ စနစ်တကျဆေးကုသမှုများခံယူနေပြီး အရင်ကထက်ပိုမိုကောင်းမွန်လာတဲ့ သူမရဲ့ကျန်းမာရေးအတွက် ပရိသတ်တွေကတောင် ဝမ်းသာခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ရက်က ကျန်းမာရေးအခြေအနေ ပြန်ဆိုးလာတာကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရပြီး မနေ့က နိုဝင်ဘာလ (၂၆) ရက်နေ့မှာတော့ သရုပ်ဆောင်ကစ်ကစ်ဟာ သူမခံစားနေရတဲ့ ရောဂါဝေဒနာတွေကနေ လွတ်မြောက်ကာ ကွယ်လွန်ဆုံးပါးသွားပြီဖြစ်ပါတယ်။
ထိုသတင်းကြောင့် အနုပညာရှင်အသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမများသာမက ပရိသတ်တွေအားလုံးရော ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ထိုထဲမှာတော့ ကစ်ကစ်ကိုအနီးကပ်တာဝန်ယူပြီး ဆေးကုသပေးနေတဲ့ ခင်သဇင်ကတော့ ပိုပြီးပူဆွေးဝမ်းနည်းဖြစ်နေတာကို တွေ့မြင်ရပါတယ်။ သူမဟာ ကစ်ကစ်ရဲ့ကျန်းမာရေးပြန်လည်ကောင်းလာစေဖို့အတွက် အင်တိုက်အားတိုက်နဲ့ စိတ်ရောလူပါမကျန် ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ပြန်လည်ကျန်းမာလာစေဖို့ မျှော်လင့်နေလျက် ယခုလိုမျိုး မထင်မှတ်ပဲဆုံးပါးသွားတဲ့ ကစ်ကစ်အတွက် ယူကြုံးမရဖြစ်ဖွယ်ခံစားချက်နဲ့ ဝမ်းနည်းစရာကောင်းတဲ့စာတစ်စောင်ကို ရေးသားခဲ့ပါတယ်။
ခင်သဇင်က ကစ်ကစ်ဆုံးပါးသွားမှုအတွက် “ မထင်မှတ်ထားပဲ ထွက်သွားတာပါ.. သူကိုယ်တိုင်လည်း ထင်မှတ်မထားသေးဘူး.. ဒီမနက် မနွယ်ကို ရယ်ပြတယ် စကားတွေ ပြောနေသေးတယ်.. အလှူရှင်တွေ ထပ်ရလို့ ဝမ်းသာနေတယ်.. မနေ့ကရော ဒီနေ့ရော အစားတွေ အများကြီး စားတယ်တဲ့.. နေကောင်းရင် ဘုရားဖူးတွေ သွားဖို့ ပြောခဲ့သေးတယ်တဲ့.. ဘာမှ ပူစရာ မလိုတော့လို့ သူဝမ်းသာနေခဲ့တာ.. အလှူရှင်တွေကိုလည်း ကျေးဇူးတွေ တင်နေခဲ့တာ… ဘာလို့ ထပ်ပြီးတောင် မစောင့်ရတာလဲ အမရယ်.. မ ရဲ့ မေမေ ညီမလေး စီစဉ်နေတာ အားလုံး ပြည့်စုံနေပါပြီ.. မ ဘာလို့ အစောကြီး ထွက်သွားတာလဲ” ဆိုပြီး ဝမ်းနည်းစိတ်မကောင်းစွာရေးသားထားတာဖြစ်ပါတယ်။
ကစ်ကစ်ကတော့ နိုဝင်ဘာလ ၂၆ ရက်၊ မနက် ၁၀:၄၀ အချိန်၊ ကုတင် ၅၀၀ ဆေးရုံကြီးတွင် သူမချစ်တဲ့အနုပညာ၊ ချစ်ရတဲ့မိသားစု မိတ်ဆွေအပေါင်းအသင်းများအားလုံးကိုထားခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်အရွယ်သာရှိသေးတဲ့ ကစ်ကစ်ကတော့ သူမခံစားနေရတဲ့ ဝေဒနာတွေရဲ့အလွန် ငြိမ်းချမ်းတဲ့ဘ၀တစ်ပါးကို ကူးပြောင်းသွားပြီဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သူမရဲ့ရုပ်အလောင်းကိုတော့ နိုဝင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့တွင် ရေဝေးသုသာန်မှာ မီးသဂြိုလ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ကစ်ကစ်တစ်ယောက် ဝေဒနာတွေမရှိတဲ့အရပ်မှာ အေးချမ်းစွာအိပ်စက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်…
(ပိုပိုလေး)