တစ်ကောင်ကြွက်ဘဝနဲ့ လောကဓံကို ကြံကြံခံနေရတဲ့ ၁၀ နှစ် ကလေးလေး
27 Nov 2019 1,650 Views
စိတ်ကူးကြည့်ရုံနဲ့တင် ကြက်သီးထ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ပျက်ဟာ အသက် ၁၀ နှစ်သာရှိသေးတဲ့ လူမမည်ကလေးလေးဆီကို ဆိုင်းမဆင့်ဗုံမပါပဲနဲ့ ဗြုန်စားကြီး ရောက်လာခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံက ‘ဒန်ဗန်ခုယန်’ ဆိုတဲ့ ကလေးလေးဟာ ဝေးလံခေါင်သီတဲ့ ကျေးရွာလေး တစ်ရွာမှာ အဖွားဖြစ်သူနဲ့ နှစ်ယောက်ထဲ နေထိုင်ပါတယ်။ သူ့ရဲ့မိခင်ကတော့ သူလူမှန်းမသိတတ်ခင်အရွယ်ထဲက ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ကလည်း ဆောက်လုပ်ရေးအလုပ်သမားအဖြစ် တစ်ရပ်တစ်ကျေးမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။
ဆင်းရဲလွန်းတဲ့ မြေးအဖွားနှစ်ယောက်က ဘဝကို ရိုးရှင်းစွာဖြတ်သန်းပြီး ကလေးရဲ့ ဖခင်ထောက်ပံ့ပေးတဲ့ ပိုက်ဆံလေးနဲ့ပဲ ချို့ငဲ့စွာနေထိုင်ကြပါတယ်။ ‘ဒန်ဗန်ခုယန်’ ကို သူ့ အဖွားက နေ့စဉ် ကျောင်းလိုက်ပို့လေ့ရှိပါတယ်။ သူတို့မြေးအဖွားဟာ တစ်ယောက်ကို တစ်ယောက်မှီခိုပြီး နေထိုင်လာခဲ့ကြသူတွေဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ပဲ တစ်ရက်မှာတော့ အဖွားဖြစ်သူဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အဖွားကွယ်လွန်သွားပြီးတဲ့နောက် ‘ဒန်ဗန်ခုယန်’ ဟာ တဲအိမ်လေးထဲမှာ တစ်ယောက်ထဲ သူ့ဘဝကို သူရပ်တည် ဖြတ်သန်းခဲ့ရပါတယ်။
ကံကြမ္မဆိုးက ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး သူ့အဖွားကွယ်လွန်ပြီး ရက်ပိုင်းအတွင်းမှာ သူ့ရဲ့ဖခင်ဟာလည်း လုပ်ငန်းခွင်ထဲမှာ မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတဲ့ သတင်းရောက်လာခဲ့ပါတယ်။ ငွေကြေးထောက်ပံ့ပေးနေတဲ့ ဖခင်ဆုံးပါးသွားတဲ့အတွက် သူ့ရဲ့စားဝတ်နေရေး ဒုက္ခအတိရောက်ခဲ့ပါတယ်။
ဒါပေမယ့် လောကဓံကို အရွယ်နဲ့ မလိုက်အောင် ကြံကြံခံနိုင်တဲ့ ‘ဒန်ဗန်ခုယန်’ ဟာ သူ့ရဲ့ တဲအနီးမှာ သီးပင်စားပင်တွေ စိုက်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေပါတယ်။ ဒီလိုမျိုး ယာစိုက်ပြီး အလုပ်လုပ်နေပေမယ့် ကျောင်းကိုလည်း တစ်ရက်မှ မပျက်ကွက်အောင် တက်နိုင်တယ်လို့ သူ့ရဲ့ ဆရာမက ဆိုပါတယ်။
လက်ရှိမှာတော့ ‘ဒန်ဗန်ခုယန်’ ကို မွေးစားချင်တဲ့ မိသားစုကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လိုက်ရှာဖွေပေးနေပေမယ့် သူကတော့ သူ့ဘဝကို သူ့ခြေထောက်ပေါ်သူရပ်ပြီး တစ်ယောက်ထဲပဲ နေချင်တဲ့ဆန္ဒရှိနေပါတယ်။
သူ့ကျောင်းက ဆရာမတစ်ယောက်က ကျောင်းကနေ ခွင့်ယူပြီး သူ့ဖခင်ရဲ့ အလောင်းကို ဇာတိရပ်ရွာကို ပြန်လည်သယ်ဖို့ သူမရဲ့ကိုယ်ပိုင်ငွေ ဒေါင် ၁၀ သန်း (ကျပ် ၆ သိန်းခွဲဝန်းကျင်) ကိုလည်း စိုက်ထုတ်ကာ ‘ဒန်ဗန်ခုယန်’ ကိုယ်တိုင် သင်္ဂြိုလ်နိုင်အောင် ကူညီခဲ့ပါတယ်။
ဒီအကြောင်းတွေကို ဆရာမဖြစ်သူက လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့ရာ သတင်းကပျံ့နှံ့ခဲ့ပြီး ရုပ်သံအစီစဉ်တွေကပါ လာရောက် ရိုက်ကူးသတင်းယူတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ကလေးဟာ အသက် ၁၈ နှစ်ပြည့်ဖို့ ခရီးရှာ်ကြီးဆက်ရဦးမှာဖြစ်လို့ သူတစ်ယောက်ထဲ ဒီလောက်အကြာကြီး ရပ်တည်နေနိုင်ပါ့မလားဆိုတာကို အွန်လိုင်းသုံးသူတွေအားလုံးက ဂရုဏာသက် စိတ်ပူပန်နေကြပါတယ်။