မသေခင် T.O.P ဆီ နောက်ဆုံးပို့ဖြစ်ခဲ့တဲ့ ဂူဟားရားရဲ့ စာတစ်စောင်
27 Nov 2019 1,454 Views
တောင်ကိုးရီးယား နာမည်ကြီး အဆိုတော်၊ သရုပ်ဆောင် ဂူဟားရားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်၊ နေအိမ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ဂူဟားရား သေဆုံးတာနဲ့ ပတ်သတ်လို့ မိသားစု၊ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပရိတ်သတ်တွေ စိတ်မကောင်းဖြစ်နေကြတုန်းပါပဲ။
Big Bang အဖွဲ့မှ ရက်ပ်ပါ တစ်ဦးဖြစ်တဲ့ T.O.P ဟာ ဂူဟားရားနဲ့ ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ပြီး မသေခင်အချိန်တုန်းက သူမနဲ့ နောက်ဆုံး ပို့ဖြစ်ခဲ့တဲ့ မက်ဆေ့ချ်တစ်စောင်ကို လူမှုကွန်ယက် အင်စတာဂရမ်ကနေတစ်ဆင့် ဖော်ပြလာပါတယ်။
ဂူဟားရား ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဂျပန်ဘာသာနဲ့ သီဆိုထားတဲ့ Midnight Queen ဆိုတဲ့ စင်ဂယ်သီချင်းတစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။ Kpop လောကမှာ စီနီယာကျတဲ့ T.O.P ကို ဂူဟားရားက သူ့အသစ်ထွက်ရှိတဲ့ သီချင်းကို ကြည့်ရှုခံစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ “အစ်ကို ကြည့်ပြီးပြီလား? ကျေးဇူးပြုပြီး ကြည့်ပေးပါနော်” ဆိုတဲ့ မက်ဆေ့ချ်လေး တစ်စောင်ကို ပို့ခဲ့ပါတယ်။
T.O.P က အဆိုပါ မက်ဆေ့ချ်ကို စခရင်ရှော့ရိုက်ပြီး “ဟာရာက ဂီတနဲ့ အနုပညာကို အရမ်းရူးသွပ်ပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မိန်းကလေးတစ်ဦးပါ” ဆိုတဲ့ စာသားနဲ့ အင်စတာဂရမ် စတိုရီမှာ တင်ထားခဲ့ပါတယ်။
T.O.P တင်ထားတဲ့ နောက် စခရင်ရှော့ တစ်ခုမှာတော့ ဂူဟားရားက “အစ်ကိုရေ နောက်ကျသွားပေမယ့် ဟက်ပီဘတ်သ်ဒေးပါ” ဆိုပြီး ပို့ခဲ့တာပဲဖြစ်ပါတယ်။ T.O.P က ဟာရာရဲ့ မက်ဆေ့ချ်ကို ဂရုမပြုမိတာကြောင့် reply မလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို “ကျွန်တော် reply မပြန်ဖြစ်ခဲ့တဲ့ သူမရဲ့ နောက်ဆုံးမက်ဆေ့ချ်…….တောင်းပန်ပါတယ် ဟာရာ ခုတော့ အေးချမ်းစွာ အနားယူပါတော့” ဆိုပြီး ရေးသားထားပါတယ်။
ဟာရာတစ်ယောက် သူ့ကချစ်ရသူ၊ သူ့ကိုချစ်ရသူတွေရဲ့ ဆုမွန်ကောင်းတောင်းမှုတွေကြောင့် တမလွန်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ပဲ ဆန္ဒပြုမိပါတယ်။
Ref:koreaboo
(ပိုပိုလေး)