မိန်းကလေး Winner ဖြစ်မဖြစ်ကို (၁၀) သိန်းကြေးလောင်းကြေးထပ်ထားကြတဲ့ ပိုးမီနဲ့ ရဲနောင်
20 Nov 2019 1,625 Views
လက်ရှိမှာ မြန်မာတစ်ပြည်လုံးအနှံ့ လူစိတ်ဝင်စားမှုအများဆုံး အစီအစဉ်ကြီးတစ်ခုဖြစ်နေတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကတော့ Season 4 ကိုအောင်အောင်မြင်မြင်ကျင်းပနေခဲ့တာ ယခုဆိုရင် တစ်ပတ်ထက်တစ်ပတ်ပိုပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့အချိန်ကို ရောက်ရှိလို့လာပါပြီ။ လက်ရှိအချိန်မှာတော့ မြန်မာအိုင်ဒေါကနေ ပြိုင်ပွဲဝင် ၃ ယောက်က စိတ်မကောင်းစွာနှုတ်ဆက်ထွက်ခွာသွားခဲ့ရပြီး ပြိုင်ပွဲဝင် ၈ ဦးသာကျန်ရှိပါတော့တယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တိုင်းကလဲ ကိုယ်စီကိုယ်စီအရည်အချင်းပြည့်၀သူတွေမို့ တစ်ပတ်တစ်ပတ် ဘယ်သူကတော့ စောစီးစွာ မြန်မာအိုင်ဒေါကနေ နှုတ်ဆက်ထွက်ခွာရမယ်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသလို ဘယ်သူကတော့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ထိကျန်ရှိပြီး Winner ဆုကို ရရှိမလဲဆိုတာကလဲ အင်မတန်မှ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒါ့အပြင် ဒီနှစ်ရော ယောကျာ်းပဲ winner ထပ်ဖြစ်မှာလား၊ မိန်းကလေး winner ပဲ ထွက်ပေါ်လာမလားဆိုတာကလဲ အတော်လေးစိတ်ဝင်စားစရာပါ။
ဒီနှစ်မြန်မာအိုင်ဒေါမှာတော့ အက်စတာ၊ အေးမြဖြူ၊ ဘင်ဂျမင်၊ မူးလာနဲ့ တန်ခွန်ကျော်တို့က လက်ရှိမှာ ရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး အားပေးသူပရိသတ်တွေများစွာပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ယောကျာ်းလေးပြိုင်ပွဲဝင်တွေကလဲ တော်ကြသလို မိန်းကလေးပြိုင်ပွဲဝင်တွေကလဲ ကိုယ်စီအရည်အချင်းတွေပြည့်၀နေတာကြောင့် winner ဟာ မိန်းကလေးလား၊ ယောကျာ်းလေးလား၊ ဘယ်သူဖြစ်မလဲဆိုတာကလဲ ခန့်မှန်းရခက်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။
တစ်ချို့ကလဲ ဒီအချိန်ကတည်းက winner ကတော့ ဘယ်သူဖြစ်မယ်ဆိုပြီး ထင်ကြေးပေးပြောဆိုနေကြပြီး သူတို့ကြိုက်တဲ့ ပြိုင်ပွဲဝင်ကို winner ဖြစ်စေဖို့လဲ voting တွေအပြိုင်အဆိုင်ပေးပြီး ကူညီနေကြတာဖြစ်ပါတယ်။ ကြည့်ရှုသူပရိသတ်တွေသာမက နာမည်ကြီးအနုပညာရှင်တွေကပါ သူတို့ကြိုက်တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေကို ဝန်းရံအားပေးနေကြချိန်မှာ Myanmar Idol Season 2 မှ စီနီယာကြီးတွေဖြစ်တဲ့ ပိုးမီနဲ့ ရဲနောင်တို့ကလဲ ဒီနှစ်ရဲ့ Winner ဟာ မိန်းကလေးဖြစ်မလား၊ ယောကျာ်းလေးဖြစ်မလားဆိုတာကို ပိုက်ဆံ (၁၀) သိန်းနဲ့ နှစ်ယောက်သားလောင်းကြေးထပ်ပြီး ကြိုတင်ခန့်မှန့်းလိုက်ပါတယ်။
ပိုးမီက ဒီနှစ်ရဲ့ Winner ဟာ မိန်းကလေးဖြစ်မယ်လို့ တစ်ထစ်ချပြောဆိုခဲ့ပြီး ရဲနောင်ကတော့ ထုံးစံအတိုင်း ယောကျာ်းလေးက Winner ပိုဖြစ်နိုင်တယ်ဆိုပြီး အလောင်းအစားလုပ်ခဲ့ကြတာပါ။ နှစ်ယောက်သား (၁၀) သိန်းကြေး အလောင်းအစားလုပ်ဖြစ်ခဲ့ပုံကို ပိုးမီနဲ့ရဲနောင်က မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
“အဓိကက ဘယ်ကနေစလဲဆိုတော့ စကားနိုင်လုတာကနေစတာ။ ကိုယ်က မိန်းကလေးတွေ ပိုထက်တယ်ပေါ့၊ သူကလဲမဟုတ်ဘူး ယောကျာ်းလေးပဲရမှာ ဘာဖြစ်တယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မခံချင်ဖြစ်ပြီးတော့ အဲ့တာဆိုလဲ လောင်းမလားဆိုပြီး ပြောလိုက်တာ။ အဲ့တာကြီးက အတည်ကြီးဖြစ်သွားပြီး တကယ်လောင်းမှာနော် နင်ငြင်းလို့မရဘူးနော်ဆိုပြီး တကယ်ကို (၁၀) သိန်းကြေးဖြစ်သွားတာ” ဆိုပြီး နှစ်ယောက်သား လောင်းကြေးထပ်ဖြစ်ခဲ့ပုံကို ပိုးမီက ပြောပြသွားခဲ့ပါတယ်။
ရဲနောင်ကတော့ “သူတို့တွေက ဖြေရင် သူတို့မိန်းကလေးပဲရစေချင်တယ်။ မိန်းကလေးတွေက ဒီနှစ်က ပိုတော်တာကိုး။ ကိုယ်ကလဲ ကိုယ့်ယောကျာ်းလေးတော့ ဘယ်အထိခံမလဲ သိတယ်မလား ကိုယ်ကလဲယောကျာ်းလေးပဲ။ အမှန်အတိုင်းပြောရင် မိန်းကလေးတော်တာ လက်ခံတယ်။ ဒီနှစ်က မိန်းကလေးတွေတော်တော်ကောင်းကြတယ် ပြည့်စုံကြတယ်။ ဒါပေမယ့် Voting စနစ်လေ၊ ကျွန်တော်က voting စနစ်ကြောင့်လောင်းတာ” ဆိုတဲ့ ရဲနောင်က ပြောပြသွားခဲ့ပါတယ်။
ရဲနောင်ရဲ့ပြောစကားကိုတော့ ပိုးမီက “သူက voting ကိုယုံတယ်ပေါ့။ ဒါကတော့ မိန်းကလေးပရိသတ်ထုကြီးကို အားကိုးလိုက်တာပေါ့နော်။ ကိုယ်တွေက အရည်အချင်းကိုပိုပြီး အားကိုးနေပါတယ်။ အဲ့တာကြောင့် မိန်းကလေးတွေကို ပို Vote ကြပါလို့။ ကိုယ်က Confidence အပြည့်ရှိတယ်။ သူပြောသလို ၁၀၀ ကျော်ပြီး ၁၀၁ ရာခိုင်နှုန်းတွေဘာတွေ အသံတုန်ပြီး မပြောဘူး။ ကိုယ်က ၁၀၀ % အပြည့်ပဲ၊ Confidience အပြည့်နဲ့ပြောတာ။” ဆိုပြီး ဝင်ထောက်သွားခဲ့ပါတယ်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကရော ပိုးမီနိုင်မလား ရဲနောင်နိုင်မယ်လို့ ထင်ပါသလား…? ဒီနှစ်ရဲ့ မြန်မာအိုင်ဒေါ winner က မိန်းကလေးဖြစ်မလား၊ ယောကျာ်းလေးဖြစ်မလား၊ ဘယ်လိုမျိုး ထင်မြင်ယူဆမိလဲဆိုတာ ပြောသွားခဲ့ပါဦး…
Source_MC 7
(ပိုပိုလေး)