BEC-TERO TV

Myanmar Idol ကို သမိုင်းစာမျက်နှာသစ်ဖွင့်မယ့် မိန်းကလေးပြိုင်ပွဲဝင်များ

15 Nov 2019     1,792 Views


၂၀၁၆ ခုနှစ်ထဲက စတင်ခဲ့တဲ့ Myanmar Idol အစီစဉ်ဟာ အခုဆိုရင် ၄ နှစ်မြောက် Season 4 ကို ရောက်ရှိလာခဲ့ပါပြီ။ Myanmar Idol ခရီးစဉ်တစ်လျှောက်လုံး Season တိုင်းမှာ မိန်းကလေးပြိုင်ပွဲဝင်တွေ ပွတ်ကာသီကာ WINNER ဆုကြီးတွေနဲ့ လွဲခဲ့ကြရပြီး ယောကျ်ားလေးတွေကသာ WINNER ဖြစ်သွားခဲ့ကြပါတယ်။

ဒီအစဉ်အလာကြီးကို ရိုက်ချိုးပြီး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်တော့မယ့် မိန်းကလေးပြိုင်ပွဲဝင်တွေ Myanmar Idol Season 4 မှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ အဆင့်သင့်ဖြစ်နေကြပါပြီ။ Myanmar Idol ရဲ့ Season တိုင်းမှာ အလားအလာကောင်းတဲ့ မိန်းကလေးအဆိုရှင်တွေ ပါဝင်ခဲ့ကြပေမယ့် ပရိသတ်တွေရဲ့ Voting စနစ်ကြောင့် နှာတစ်ဖျားနောက်ကျကျန်ပြီး WINNER ဆုတွေနဲ့ လွဲခဲ့ကြရတာပါ။

Season 4 မှာ လက်ရှိအခြေအနေအရ ပြိုင်ပွဲဝင် ၁၀ ဦး ရှိနေပြီး ယောက်ျားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက်နဲ့ ပြိုင်ပွဲက ဘက်မျှနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ တစ်ပတ် Second Live ယှဉ်ပြိုင်မှုမှာ ပြိုင်ပွဲဝင် ‘နော်စေးစေးထူး’ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြိုးစားခဲ့ပါလျှက် Voting ကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာဖို့ အခြေအနေဆိုက်ခဲ့ပါတယ်။

Result Show ညက အဖြေ မထုတ်ခင်မှာ ဧည့်သည့်အဆိုတော်အနေနဲ့ လာရောက်သီဆိုခဲ့တဲ့ နိုင်ငံကျော်အဆိုတော် “သာဒီးလူ” က ပရိသတ်တွေကို နှာခေါင်းနဲ့ မဆုံးဖြတ်ပါနဲ့၊ နားနဲ့ဆုံးဖြတ်ပြီး Vote ပေးကြပါလို့ ပွင့်ပွင့်လင်းလင်းကြီး မေတ္တာရပ်ခံခဲ့ပါတယ်။

“နော်စေးစေးထူး” ဟာ အိမ်ပြန်ဖို့ မသင့်သေးတဲ့ ပြိုင်ပွဲဝင်ဖြစ်တယ်လို့ အတတ်ပညာရှင်တွေဖြစ်တဲ့ ဒိုင်သုံးဦးစလုံးက ဆုံးဖြတ်ပြီး Save ပြန်လုပ်ခဲ့ကြပါတယ်။ တလက်စထဲမှာပဲ ဖြူဖြူကျော်သိန်းက ပရိသတ်တွေက ဒီထက်ပိုပြီး လှုပ်ရှားဖို့လိုပြီလို့ ခပ်ပါးပါးလေး သတိပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါကို ကြည့်ဖြင်းအားဖြင့် မိန်းကလေးပြိုင်ပွဲဝင်တွေထဲမှာ အရည်အချင်းအများကြီးရှိတဲ့သူတွေ ပါနေတယ်ဆိုတာကို ပရိသတ်တွေ သတိထားမိစေချင်ခဲ့တာဖြစ်ပါတယ်။

ရုပ်ချောလို့ဖြစ်စေ၊ ချစ်စရာကောင်းလို့ဖြစ်စေ၊ သနားစရာကောင်းလို့ဖြစ်စေ စတဲ့ ပုဂ္ဂိုလ်ရေးအရ စွဲလန်းတာတွေကို ခဏဘေးဖယ်ပြီး ပရိသတ်တွေကိုယ်တိုင် ပရော်ဖက်ရှင်နယ်လ် သမာသမတ်ကျကျ Voting ပေးကြဖို့ကို ဂီတလမ်းကြောင်းပေါ်မှာ ကိုယ်ပိုင်နေရာတစ်ခုစီနဲ့ လျှောက်လမ်းနေကြတဲ့ အနုပညာသမားတွေ အားလုံးက လိုလားနေကြတာဖြစ်ပါတယ်။

ပြိုင်ပွဲကြီးပြီးဆုံးလို့ WINNER ဖြစ်သွားသူက တစ်ကယ့် ဂီတအနုပညာလမ်းကြောင်းပေါ်မှာ နီနီခင်ဇော်၊ ဖြို့ပြည့်စုံ၊ အောင်ထက် စတဲ့ အနုပညာရှင်တွေလို တောက်ပတဲ့ အနုပညာကြယ်တစ်ပွင့် ပေါ်ပေါက်လာစေချင်ကြတာဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေး ခံစားချက်တွေနဲ့ Vote လုပ်ခဲ့ကြလို့ WINNER တွေ အလျှို အလျှိုပေါ်လာခဲ့ကြပေမယ့် ပွဲပြီးသွားတဲ့အခါ ဂီတနယ်ပယ်မှာ တဝဲလည်လည် ယက်ကန်ယက်ကန်နဲ့ စုန်းစုန်း မြုတ်သွားတဲ့ အဖြစ်ကို မလိုလားကြပါဘူး။ ဒီလိုပါပဲ WINNER ဖြစ်ထိုက်ပါလျှက်နဲ့ မဖြစ်ခဲ့ကြသူတွေ အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရှေ့ဆက်လျှောက်ဖို့ ငွေကြေးအင်အား၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ နေရာမှာတင် ရပ်သွားကြရတာမျိုးလည်း မဖြစ်စေချင်ကြပါဘူး။

Season 4 မှာတော့ မိန်းကလေး ပြိုင်ပွဲဝင်တွေမှာရော ယောကျ်ားလေး ပြိုင်ပွဲဝင်တွေမှာပါ အရည်အချင်းရှိသူတွေ ပါနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူမဆို တစ်နေရာမှာတော့ အချိန်မရွေး ခြေခေါက်သွားနိုင်ပါတယ်။ ပရိသတ်တွေအနေနဲ့ ပြိုင်ပွဲတစ်ခုမှာ ကိုယ်စွဲလန်းနေရတဲ့သူ အနိုင်ရရေးဆိုတာထက် အနာဂါတ်မှာ အဆိုတော်ကောင်းတစ်ယောက် ပေါ်ထွက်လာရေးကို ဦးစားပေးစဉ်းစားပြီး ကျောသားရင်သား မခွဲခြားပဲ Vote လုပ်ကြမယ်ဆိုရင်တော့ Myanmar Idol Season 4 အတွက် စာမျက်နှာသစ်ဖွင့်ဖို့ ထိုက်တန်ပါပြီလို့ တိုက်တွန်းလိုက်ရပါတယ်။


15 Nov 2019     1,792 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS