ကင်ဆာရောဂါ ဆေးကုသမှုခံယူပြီးနောက် ဇာတ်ကားအသစ်နဲ့ ပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာတော့မယ့် Kim Woo Bin
06 Nov 2019 1,412 Views
တောင်ကိုးရီးယား နာမည်ကျော် မင်းသားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် Kim Woo Bin ဟာ ကုသဖို့ ခက်ခဲတဲ့ ကင်ဆာရောဂါကနေ အပြီးပိုင် လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ Woo Bin ဟာ ၂၀၁၇ ကစပြီး (nasopharyngeal cancer) အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရတာကြောင့် ဒီနှစ်ပိုင်းတွေမှာ ဆေးကုသမှု ခံယူဖို့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ မှာတော့ အနုပညာအသိုင်းအဝိုင်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ Song Joong Ki, Jo In Sung, Lee Kwang Soo, EXO D.O တို့နဲ့ စိတ်ပြေလက်ပျောက် ခရီးတွေ ထွက်ခဲ့ပါသေးတယ်။ ထိုအချိန်ကတည်းက Woo Bin ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီလို့ ယူဆလို့ရပေမယ့် အေဂျင်စီက သူ့အနေနဲ့ ဒီထက်ပို အနားယူဖို့ လိုအပ်သေးတာကြောင့် ဇာတ်ကားတွေ ပြန်မရိုက်ဖြစ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယခု ၂၀၁၉ မှာတော့ ပရိတ်သတ် စောင့်မျှော်နေတဲ့အတိုင်း movie ဇာတ်ကားအသစ်နဲ့ Woo Bin ကို တီဗွီဖန်သားပြင်ထက် ပြန်လည်မြင်တွေ့ခွင့်ရတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအသစ်မှာ သရုပ်ဆောင် Ryu Jung Yeol နဲ့ Kim Tae Ri တို့က Woo Bin နဲ့အတူ ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။
Kim Woo Bin ဟာ ၂၀၁၆ မှာတုန်းက Suzy နဲ့အတူ ရိုက်ကူးခဲ့တဲ့ Uncontrollably Fond ဇာတ်လမ်းတွဲမှာ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ နိုင်ငံကျော် သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း တကယ့် အပြင်မှာလည်း ကင်ဆာရောဂါဝေဒနာ ခံစားရရှိသွားခဲ့ပါတယ်။ Uncontrallably Fond မှာ သရုပ်ဆောင် ပီပြင်လွန်းနေတာက သူကိုယ်တိုင် ကင်ဆာခံစားနေရတာကြောင့်လား ဆိုပြီး ပရိတ်သတ်တွေ ကြားထဲ မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။
Woo Bin တစ်ယောက် ကင်ဆာရောဂါဝေဒနာကို ခံစားနေရတုန်းက သူ့ချစ်သူ Shin Min Ah ကလည်း အနားမှာ ဖေးဖေးမမနဲ့ အမြဲလိုလို ရှိနေပေးခဲ့ပါတယ်။ ချစ်သူရဲ့ ဆန္ဒမွန်၊ သူငယ်ချင်းတွေရဲ့ အားပေးကူညီမှု၊ ပရိတ်သတ်တွေရဲ့ ဆုမွန်ကောင်းတောင်းမှုတွေနဲ့အတူ ၂ နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ‘သေမင်း’ လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ကင်ဆာရောဂါဝေဒနာကြီးကို ကျော်လွှားနိုင်ခဲ့တဲ့ Woo Bin , မကြာခင် ရိုက်ကူးတော့မယ့် သူ့ရဲ့ ဇာတ်ကားအသစ်ကို ပိုပိုလေးနဲ့ အတူစောင့်မျှော် ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
Ref:allkpop
(ပိုပိုလေး)