BEC-TERO TV

ထိုင်းနိုင်ငံတွင် ပလက်စတစ်သုံးစွဲမှုလျော့ချစေနိုင်ဖို့ ဆယ်လီများပူးပေါင်းပါဝင်

30 Oct 2019     1,588 Views


ထိုင်းနိုင်ငံတွင် ပလက်စတစ်သုံးစွဲမှုလျော့ချရေး ကမ်ပိန်းတစ်ခုကို ၂၀၁၉ ဇန်နဝါရီလကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ခေတ်ကြီး တိုးတက်လာတာနဲ့အမျှ ပလက်စတစ်သုံးစွဲမှုတွေ အရင်ကထက်ပိုများလာပါပြီ။ လူအများစုဟာ သာမန်စျေးထဲက ဖတ်နဲ့ထုပ်ပေးတဲ့ စျေးဆိုင်မျိုးတွေမှာ မဝယ်တော့ဘဲ ပစ္စည်းအားလုံးတစ်ပြိုင်နက်တည်း ရရှိနိုင်တဲ့ ရှော့ပင်းမောလ်၊ စူပါမားကတ် လိုနေရာမျိုးတွေမှာသာ စျေးကို တွင်တွင်ဝယ်လာကြပါတယ်။

ပလက်စတစ်သုံးစွဲခြင်းအားဖြင့် ကုန်းနေရေနေ သတ္တဝါတွေအတွက် အသက်အန္တရာယ်များစွာဖြစ်လာပါတယ်။ ပလက်စတစ်အိတ်(သို့) ပလက်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို စည်းကမ်းမဲ့စွာ စွန့်ပစ်လာတဲ့အခါ ထိုအရာကို စားမိတဲ့ တိရစာ္ဆန်လေးတွေအနေနဲ့ အသေဆိုးနဲ့ သေဆုံးကြရပါတယ်။

အထူးသဖြင့် လူသားတို့ဟာ မိမိတို့အသုံးပြုပြီးတဲ့ ပလက်စတစ်အမှိုက်တွေကို ပင်လယ်၊ မြစ်၊ချောင်း၊အင်း၊အိုင် တွေမှာ သွားရောက်စွန့်ပစ်ကြရာက ရေနေသတ္တဝါ တော်တော်များများ မျိုးတုံးပျောက်ကွယ်ကုန်တဲ့ အဖြစ်ဆိုးမျိုး ကြံကြိုက်လာပါတော့တယ်။ ဒါ့အပြင် ပလက်စတစ်ကို မြေပြင်မှာ ကျင်းတူးပြီး အမှိုက်အဖြစ် မြုပ်ပစ်ပြန်တဲ့အခါမှာလည်း မြေဆီလွှာကိုပျက်ဆီးစေပြီး မြေကြီးပေါ်ပေါက်ရောက်လာတဲ့ အပင်တွေကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တစ်ဖန် မီးရှို့ဖျက်ဆီးပြန်ရင်တော့ လေထုကိုညစ်ညမ်းစေပြီး လူသားတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပေးလာနိုင်ပါတယ်။

ဒီလို ကောင်းကျိုးမပေးတဲ့ ပလက်စတစ်ကို သုံးစွဲတာ လျော့ချစေဖို့ ထိုင်းနိုင်ငံအစိုးရဟာ ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ကမ်ပိန်းကတော့ နာမည်ကြီး ထိုင်းအနုပညာရှင် အယောက် ၆၀ ကို ပါဝင်စေပြီး လူထုကို ပလက်စတစ်သုံးစွဲတာ လျော့ချဖို့ စည်းရုံးစေတဲ့ သဘောပါပဲ။

ကမ်ပိန်းမှာ ပါဝင်တဲ့ ထိုင်းအနုပညာရှင် အယောက် ၆၀ တို့ရဲ့ concept ကတော့ ‘ပလက်စတစ်က လူကိုတဖြည်းဖြည်းချင်း ညှင်းသတ်နေတယ်’ ဆိုတဲ့ concept ဖြစ်ပြီး #EveryDaySayNoToPlasticBags ဆိုတဲ့ hashtag နဲ့အတူ  သူတို့ကိုယ်ပိုင် လူမှုကွန်ယက်အကောင့်တွေမှာတင်ခဲ့ကြပါတယ်။

သူတို့ဟာ ဒီဓာတ်ပုံတွေမှာ ပလက်စတစ်ကြောင့် ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့ ပုံစံမျိုး ရရှိအောင် ဖန်တီးရိုက်ကူးထားပါတယ်။

အဆိုပါကမ်ပိန်းပြီးသွားတဲ့နောက်ပိုင်း ထိုင်းနိုင်ငံမှာရှိတဲ့ ရှော့ပင်းမောလ်တွေဟာ တစ်ခါသုံးပလက်စတစ်အိတ်အစား ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ အိတ်တွေနဲ့ ကုန်ပစ္စည်းတွေကို ထုပ်ပိုးပေးလာကြပါတယ်။

တဖြည်းဖြည်းနဲ့ ရွေ့လာတဲ့ဒီအရွေ့ဟာ နောက်နောင် လူတိုင်း ပလက်စတစ် သုံးစွဲမှု ရပ်တန့်သွားအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်စောင့်စားရင်း လူသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ဒီနေရာကနေပဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)

 

 

 

 


30 Oct 2019     1,588 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS