ဝေဖန်မှုတွေများတဲ့အချိန်မှာ သတ်သေချင်တဲ့ထိ စိတ်ဓာတ်တွေကျခဲ့ရတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို
30 Oct 2019 1,477 Views
Myanmar Idol (Season 3) ပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေစတင်သိခဲ့ကြတဲ့ ချမ်းမြေ့မောင်ချို့ကတော့ အသက်ငယ်ပေမယ့် ဂီတကိုရူးသွပ်ဝါသနာပါလွန်းတာကြောင့် မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top Finalist တစ်ဦးဖြစ်ခဲ့သူပါ။ ပြိုင်ပွဲဝင်နေစဉ်ကာလမှာ အသက်အရွယ်နဲ့မမျှတဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ကြုံတွေ့ခံစားခဲ့ရပြီး ပြိုင်ပွဲကြီးပြီးဆုံးပြီး ကိုယ့်လမ်းကြောင်းပေါ် ကိုယ်အကောင်းဆုံးလျှောက်လှမ်းနေသည့်တိုင် ဝေဖန်မှုတွေနဲ့မကင်းတဲ့သူပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
လက်ရှိအချိန်မှာတော့ ချမ်းမြေ့မောင်ချိုက သူမအနေနဲ့ အနုပညာလောကထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပေမယ့် သူမဘာလုပ်လုပ်မျက်စိဒေါက်ထောက်ကြည့်ကာ အပြစ်ရှာဝေဖန်တိုက်ခိုက်သူတွေကတော့ ယနေ့တိုင်ရှိနေဆဲပါ။ ဝါသနာပါရာ ဂီတအလုပ်တွေကိုလုပ်ကိုင်နေပေမယ့် ဝေဖန်မှုနဲ့ အောင်မြင်မှုက တစ်ထပ်တည်းကျနေတယ်လို့ ဆိုလာပါတယ်။ ဝေဖန်မှုတွေများတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်သတ်သေချင်လောက်တဲ့ထိ စိတ်ဓာတ်တွေကျမိကြောင်းလည်း ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
“ပြိုင်ပွဲတွေပြီးသွားလို့ အပြင်လောကမှာစပြီးရပ်တည်တဲ့အချိန်မှာ ဖိအားတွေကိုမခံနိုင်ဘူး။ ဘာမှလည်းမပြင်ဆင်ခဲ့ဘူး၊ ပြီးတော့ ကိုယ်ရောက်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ်နေခဲ့ဖူးတဲ့ပတ်ဝန်းကျင်က ဘာမှ မဆိုင်တော့ဘူး။ သက်သက်စီဖြစ်သွားတဲ့အချိန်မှာ စိတ်တွေကမခံနိုင်ဘူး။ အောင်မြင်တာက အောင်မြင်တာတစ်ခု၊ ကိုယ်လူသိများတာလည်း များတာတစ်ခုပေါ့။ အဲဒီအထဲမှာ အရင်တုန်းက ကိုယ်နေခဲ့တဲ့ပုံစံတွေ၊ လွတ်လပ်ခွင့်တွေ၊ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ သွားပုံလာပုံတွေကအစ အရမ်းကို ပြောင်းလဲရတာဆိုတော့ အဲဒီအရာတွေကို မခံစားနိုင်ဘူး။ သတ်သေချင်စိတ်တွေ ခဏခဏဖြစ်တယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေနဲ့ အောင်မြင်မှုနဲ့ တစ်ထပ်တည်းကျနေတဲ့အကြောင်းကိုလည်း ‘’အောင်မြင်နေလည်း ကိုယ်ကမပျော်ဘူး။ ဘာကြောင့်လဲဆိုတော့ ဝေဖန်နေကြတာကို။ ဝေဖန်မှုထက် အောင်မြင်မှုကပိုများရင်တော့ ခံနိုင်ရည်ရှိတာပေါ့။ အောင်မြင်မှုနဲ့ ဝေဖန်မှုက တစ်ထပ်တည်းကျနေတဲ့အချိန်မှာ မပျော်တော့ဘူး။ အရင်တုန်းကဆိုရင် တစ်ပတ်နှစ်ပတ်လောက်က နေ့တိုင်းငိုနေရတာ။ ပြန်စဉ်းစားကြည့်တော့လည်း ရှေ့ဆက်လျှောက်ရမယ့်လမ်းက ရှိနေသေးတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် ၊ ကိုယ်ချစ်တဲ့အလုပ်ဖြစ်တဲ့အတွက် ဆက်လုပ်နေဦးမှာပဲ’’ ဆိုကာ ဝေဖန်တိုက်ခိုက်သူတွေရှိပေမယ့်လည်း သူမချစ်တဲ့ဂီတအလုပ်ကိုတော့ ဆက်လက်လုပ်ကိုင်နေဦးဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။
အသက်အရွယ်နဲ့မလိုက်အောင် ပြင်းထန်တဲ့ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရတဲ့ မောင်ချိုလေးကိုချစ်ရင် သူမကိုဆက်လက်အားပေးကြပါဦးနော်….
(ပိုပိုလေး)