BEC-TERO TV

LGBT တွေကို ဘာကြောင့် လူအမြင်ကတ်တာလဲ..? “ဂျွန်လွင်” ပြောချလိုက်ပြီ (ရုပ်သံ)

27 Oct 2019     1,726 Views


မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်ဖခင်ကြီးလို့ တင်စားကြတဲ့ “ဂျွန်လွင်” က သူကိုယ်တိုင် LGBT တစ်ယောက်ဖြစ်နေပေမယ့် LGBT တွေကို ဘာကြောင့် လူတွေ အမြင်ကတ်နေတာလဲဆိုတာကို မချွင်းမချန် ဆန်ရင်းနာနာဖွတ်တဲ့ သဘောနဲ့ ပြောချလိုက်ပါတယ်။

မဇ္စျိမရုပ်သံက ထုတ်လွှင့်ပြသခဲ့တဲ့ “Artist Interview” အစီအစဉ်မှာ LGBT တွေအနေနဲ့ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ကိုယ်ဟာ အစစ်တစ်ယောက် မဟုတ်ဘူးဆိုတာကိုတော့ သတိရှိစေချင်တယ်လို့ သတိပေးလိုက်ပါတယ်။

သူ့အနေနဲ့ လိင်ပြောင်းခြင်း မပြောင်းခြင်းအပေါ် ကာယကံရှင်ရဲ့ စိတ်ဆန္ဒအလျှောက် လုပ်တဲ့ကိစ္စတွေဖြစ်လို့ နားလည်ပေးလို့ ရပေမယ့် LGBT တစ်ယောက်ဟာ စည်းကျော်ဘောင်ကျော်တဲ့ အစွန်းရောက်တဲ့ လုပ်ရပ်မျိုးတွေကို လုံးဝမလုပ်သင့်ဖူးလို့ ဝေဖန်ထောက်ပြလိုက်ပါတယ်။

အထူးသဖြင့် အမျိုးသားကနေ အမျိုးသမီးတစ်ယောက်လို အသွင်ပြောင်းလဲထားတဲ့ LGBT တစ်ချို့ဟာ သူတို့ကိုယ်သူတို့ မိန်းမတွေလို ခံစားပြီး အမျိုးသမီးအစစ်တွေနဲ့ ယှဉ်ကာ ယောက်ျားတစ်ယောက်ကို အပြိုင်အဆိုင်လုကြတာတွေ၊ ကောင်လေးရဲ့ အိမ်အထိလိုက်သွားပြီး မိဘတွေကို ရန်တွေ့တာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေလို့ ရှုံ့ချခဲ့ပါတယ်။

ဒီလိုလုပြီး သူတို့နောက် ပါလာတဲ့ယောက်ျားတွေဟာ သူတို့ကို အမှန်တစ်ကယ်သာယာတာမဟုတ်ပဲ လိုချင်တာတစ်ခုခုကြောင့်သာ ပါလာတာဖြစ်တယ်လို့ ဘွင်းဘွင်းကြီး ပြောချလိုက်ပါတယ်။

ဒါလိုမျိုးကိစ္စတွေကို ဂုဏ်ယူပြီးပြောဆိုနေကြတဲ့သူတွေကို သူ့အနေနဲ့ ရီချင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလော ဘယ်သူမှ မဝေဖန်ရဲကြတဲ့ ဘုရားပေါ်တက်တဲ့ ကိစ္စတစ်ခုကိုလည်း “ဂျွန်လွင်” က ယောကျ်ားလား မိန်းမလားဆိုတာ ဘုရားနဲ့ သူ့ကိုယ်သူပဲ သိလိမ့်မယ်လို့ ရဲရဲဝံ့ဝံ့ပြောကြားသွားခဲ့ပါတယ်။

“ဂျွန်လွင်” မော်ဒယ်လောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီဖြစ်ပြီး အောင်မြင်တဲ့ အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ LGBT အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို ပရဟိတသမားတစ်ဦးလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ LGBT တွေကို ကိုယ့်ဘဝကိုယ်နားလည်ပြီး ကိုယ့်သိက္ခာနဲ့ ကိုယ်နေသင့်တယ်လို့ စေတနာစကား ပြောကြားခဲ့ပါတယ်။

သတင်းကိုးကား-မဇ္စျိမတီဗီ


27 Oct 2019     1,726 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS