ကွန်တိန်နာပုံးထဲ အလောင်း ၃၉ လောင်းအမှုမှ ယာဉ်မောင်းအား ဖမ်းဆီးထား
24 Oct 2019 1,677 Views
အင်္ဂလန်နိုင်ငံ အက်စစ်စီရင်စု ပါဖလိတ်မြို့လေးရှိ စက်မှုဇုံတစ်ခုထဲတွင် ရပ်နားထားသည့် ကွန်တိန်နာတွဲကားပေါ်တွင် လူသေအလောင်း ၃၉ လောင်းကို အာဏာပိုင်တွေက မနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။
အဆိုပါအမှုအတွက် အိုင်ယာလန်နိုင်ငံ မြောက်ပိုင်းမှ တွဲကားယာဉ်မောင်း ‘ရော်ဘင်ဆန်’ (၂၅ နှစ်) ကို လူသတ်မှု သံသယတရားခံအဖြစ် ရဲများက ဖမ်းဆီးထားသည်။ “The Polar Express” တံဆိပ်ပါရှိတဲ့ ကွန်တိန်နာတွဲကားဟာ ဘယ်လ်ဂျီယံနိုင်ငံ ဗီဘရူဂါမြို့ကနေ မနေ့က နံနက်စောစောပိုင်း ၁၂ နာရီခွဲ အချိန်မှာ ဝေလပြည်နယ် ဟိုလီဟတ်မြို့ ဆိပ်ကမ်းကို ရောက်ရှိလာပြီးနောက် ‘ရော်ဘင်ဆန်’ ဟာ သူ့ရဲ့ကားခေါင်းနဲ့ တွဲပြောင်းချိပ်ကာ လက်ဆင့်ကမ်းမောင်းနှင်ခဲ့ပါတယ်။
ကွန်တိန်နာတွဲကားထဲမှာ လိုက်ပါလာသူတွေဟာ ဗြိတိန်နိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော်ခိုးဝင်ရန် လိုက်ပါလာကြသူတွေဖြစ်ပြီး လူကုန်ကူးဂိုဏ်းအဖွဲ့ရဲ့ လက်ချက်ဖြစ်မယ်လို့ ရာဇဝတ်မှုနှိမ်နင်းရေး အေဂျင်စီက ကောက်ချက်ချထားပါတယ်။
မနေ့ညက သတင်းတွေအရ ကွန်တိန်နာကားမှာ ဖွင့်ထားတဲ့ လေအေးပေးစက် ကမောက်ကမဖြစ်သွားပြီးနောက် အအေးချိန်ဟာ အနှုတ် ၂၅ ဒီဂရီစင်တီဂရိတ်အောက် ရောက်သွားတဲ့အတွက် လိုက်ပါလာသူအားလုံး အေးခဲပြီးသေဆုံးသွားတာဖြစ်ကြောင်း အိုင်ယာလန်ရဲအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကနေ သိရပါတယ်။ အကယ်၍အခုလိုမျိုး အေးခဲပြီး မသေခဲ့ရင်တောင် အောက်ဆီဂျင်လျော့နည်း ပြတ်တောက်ပြီး သေဆုံးနိုင်ဖွယ်ရာရှိပါတယ်။
ဒီလိုအအေးခန်းကွန်တိန်နာကားမျိုးမှာ တပ်ဆင်ထားတဲ့ လေးအေးပေးစက် စနစ်က ပန်းတွေ၊ သစ်ပင်တွေ စတာတွေကို အမြဲလန်းနေအောင် လုပ်ဖို့ရည်ရွယ်ထားတာပါ။ ပုံမှန်အားဖြင့် အအေးမှတ်ကို အနှုတ် ၅ ဒီဂရီလောက်ပဲထားကြပါတယ်၊ အခု အနှုတ် ၂၅ ဒီဂရီဆိုတော့ ဘယ်သူမှ မခံနိုင်တော့ပါဘူးလို့ Road Haulage Association ရဲ့ CEO ရစ်ချတ်ဘားနတ် က ပြောကြားခဲ့ပါတယ်။
ကွန်တိန်နာကားဟာ ပြီးခဲ့တဲ့ စနေနေ့က ဒပ်ဘလင် ကနေ ယူကေကို ကူးတို့သင်္ဘောနဲ့ ကူးခဲ့ပြီး ဝေလပြည်နယ် ဟိုလီဟတ်မြို့ကို ရောက်လာခဲ့တယ်လို့ ယုံကြည်ထားပါတယ်။ အဲဒီနောက် ‘ရောဘင်ဆန်’ မောင်းတဲ့ ကားကို တွဲပြောင်းချိပ်ဆက်ပြီးမှ ပါဖလိတ်မြို့လေးကို မောင်းယူလာခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ ၃၉ ယောက်ထဲမှာ ဆယ်ကျော်သက်အရွယ်တစ်ဦးလည်းပါဝင်ပါတယ်။ လက်ရှိမှာတော့ ‘ရော်ဘင်ဆန်’ ကို ဖမ်းဆီးထားသလို အိုင်ယာလန်နိုင်ငံ မြောက်ပိုင်းက သံသယရှိတဲ့ နေအိမ်နှစ်လုံးကို ရဲတွေက ဝင်စီးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ထားပါတယ်။ ဖမ်းဆီးထားသူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောကြားခြင်းမရှိသေးပါဘူး။ အင်္ဂလန်နိုင်ငံသမိုင်းမှာတော့ အခုလိုအစုလိုက်အပြုံလိုက် လူသေတွေတွေ့ရတာ ဒီတစ်ခါ အရေအတွက်အများဆုံးဖြစ်ပါတယ်။