'နောက်ထပ်အချစ်ကို မယုံရဲတော့ဘူး' လို့ပြောလာတဲ့ ဂူဟဲဆောင်းန်
23 Oct 2019 1,471 Views
F4 မင်းသမီးလေးဆိုပြီး မြန်မာပရိတ်သတ်တွေ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်း လူမှုကွန်ယက် အင်စတာဂရမ်ကနေ အသိပေးပြောကြားခဲ့ပါတယ်။ လက်ရှိအခြေအနေအရ ဂူဟဲဆောင်းန်ဘက်က ကွာရှင်းပေးဖို့ သဘောတူညီခြင်းမရှိတာကြောင့် အန်ဂျယ်ဟွန်းက အသရေဖျက်မှုနဲ့ တရားစွဲပြီး ကွာရှင်းခွင့်တောင်းခံသွားမယ်လို့သိရပါတယ်။
ဂူဟဲဆောင်းန်ဟာ Lifestyle magazine ရဲ့ Women Sense အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ အင်တာဗျူးမေးခွန်းတွေကို ဖြေကြားသွားခဲ့ပါတယ်။
"တစ်ရက်မှာ အန်ဂျယ်ဟွန်းက ကျွန်မကိုပြောလာတယ် သူ ကျွန်မနဲ့ ပတ်သတ်လို့ ခံစားချက် သိပ်မရှိတော့ဘူးတဲ့၊ အဲ့လိုပြောပြီးနောက်တစ်နေ့မှာ သူကျွန်မကို ကွာရှင်းပေးဖို့ပြောလာတော့တာပဲ။
နောက်ပိုင်းမှာ သူ သရုပ်ဆောင်တာကို အာရုံစူးစိုက်လို့ ရအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်ပိုင် တိုက်ခန်းကို ပြောင်းသွားတယ်။ အဲ့အချိန်ကစပြီး သူ့ကို ဆက်သွယ်ဖို့ ခက်ခဲလာတာပဲ။ ဖုန်းဆက်ရင်လည်း မကိုင်သလို မက်ဆေ့ခ်ျပို့ရင်လည်း ပြန်မပို့ဘူး။ ကျွန်မတို့ အိမ်ထောင်သက်တမ်း ၃ နှစ်လုံးလုံး အကြီးအကျယ် ရန်ဖြစ်တာမျိုး ဘာဘာညာညာကိစ္စတွေလည်း သိပ်မရှိခဲ့ဘူး။
ကျွန်မဘက်က ကြည့်ရင် ဒါဟာ တရားမျှတမှုမရှိတဲ့ ကွာရှင်းနည်းတစ်မျိုးပဲ၊ သူ ကျွန်မကို အဆက်အသွယ်ဖျက်ထားခဲ့တာ ကြာပြီ သူ့ဆီက နောက်ဆုံးရရှိခဲ့တဲ့ မက်ဆေ့ခ်ျတစ်စောင်က 'ငါ ဆောင်းတွင်း အဝတ်အစားတွေ လာယူဖို့ အိမ်ပြန်လာမယ်' ဆိုတဲ့ မက်ဆေ့ခ်ျပဲ။
အခုကစပြီး ကျွန်မသူ့ကိုမချစ်တော့ဘူး ဒါက ဘာလို့လည်းဆိုတော့ သူကျွန်မကို မချစ်တော့လို့ပဲ ၊ ဒီ အိမ်ထောင်ရေးကနေ ရလိုက်တဲ့သင်ခန်းစာက ကျွန်မ အချစ်ကို ထပ်ပြီး မယုံသင့်တော့ဘူးဆိုတာပဲ အချစ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်သင့်တယ်လို့ ကျွန်မထင်တယ်။ ဒီ ကွာရှင်းပြတ်စဲမှုကြီးက ကျွန်မ ဘဝရဲ့ အစွန်းအထင်း အမာရွတ်အနေနဲ့ ထင်ကျန်မနေခဲ့စေချင်ဘူး၊ ကျွန်မ ဘဝကို ဒီထက် ပိုကောင်းအောင်နေသွားမယ် ဒါဟာ ကျွန်မ ဘဝရဲ့ အစိတ်အပိုင်းတွေထဲကတစ်ခု အချိုးအကွေ့တွေထဲ တွေ့ကြုံလာရတဲ့ အဖြစ်အပျက်တစ်ခု လို့ပဲ မှတ်ယူထားလိုက်ပါတယ်။" ဆိုပြီးပြောပြသွားပါတယ်။
ဂူဟဲဆောင်းန်ဟာ တရားရုံးမှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်း အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတဲ့ သက်သေနဲ့ အမှုကိုရင်ဆိုင်သွားမှာဖြစ်ပြီး အန်ဂျယ်ဟွန်းဘက်က ဂူဟဲဆောင်းန် သူမကို လူမှုကွန်ယက်မှာ စော်ကားထားတာတွေကို သက်သေထားပြီး အမှုရင်ဆိုင်သွားမှာဖြစ်ပါတယ်။ အန်ဂျယ်ဟွန်းဘက်က အမှုနိုင်ရင် ဂူဟဲဆောင်းန် က တရားဝင် ကွာရှင်းပေးရမှာဖြစ်ပြီး ဂူဟဲဆောင်းန် နိုင်ရင်တော့ အန်ဂျယ်ဟွန်းဘက်က ကွာရှင်းခွင့်လျှောက်တင်ထားတာကို ဖျက်သိမ်းပေးရမှာပဲဖြစ်ပါတယ်။
ref:allkpop
(ပိုပိုလေး)