ကောင်းလွန်းလို့ အမေရိကန်ကတောင် ပြန်လည်ရိုက်ကူးတော့မယ့် ကိုးရီးယားဇာတ်လမ်းတွဲနှစ်တွဲ
21 Oct 2019 2,891 Views
တောင်ကိုးရီးယား နာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ ‘Live’ နဲ့ ‘Sky Castle’ တို့ကို အမေရိက နာမည်ကျော် ရုပ်သံလိုင်းတွေဖြစ်ကြတဲ့ FOX နဲ့ NBC တို့က remake version အနေနဲ့ ပြန်လည်ရိုက်ကူးတော့မှာပါ။
tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားတဲ့ ‘Live’ အမည်ရတဲ့ ရဲဟာသဇာတ်မြူးကားကို အမေရိကန် FOX ရုပ်သံလိုင်းကနေ အမေရိကန် ဗားရှင်းအနေနဲ့ ဝါရှင်ဒီစီမှာ ပြန်လည်ရိုက်ကူးသွားမယ်လို့သိရပါတယ်။
‘Live’ ဇာတ်လမ်းတွဲမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Lee Kwang Soo, Bae Seong Woo, Jung Yu Mi နဲ့ မင်းသမီးကြီး Bae Jong Ok တို့က အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ မကြာခင် အမေရိကန် ဗားရှင်းအနေနဲ့ ဘယ်သူတွေ ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို မြင်တွေ့ရတော့မှာပါ။
အမေရိက ကနေ ပြန်လည်ရိုက်ကူးမယ့် နောက်ထပ် ဇာတ်ကားကောင်းတစ်ကားကတော့ တောင်ကိုးရီးယားရဲ့ ပညာရေးအခြေအနေကို ထင်ဟပ်ပြသနေတဲ့ ဇာတ်လမ်းတွဲ Sky Castle ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို NBC ရုပ်သံလိုင်းက remake version အနေနဲ့ ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းရေးဆရာမ Yoo Hyun Mi က အမေရိကန် ဗားရှင်းအဖြစ် ပြန်လည်ရိုက်ကူးတာနဲ့ ပတ်သတ်လို့ အတိုင်းမသိ ဝမ်းသာမိတယ်လို့ဆိုပါတယ်။
Sky Castle ကို ပြန်လည်ရိုက်ကူးတင်ဆက်မယ့် production ကတော့ နာမည်ကြီး Super Girl, Gossip Girl အစရှိတဲ့ နာမည်ကြီး တီဗွီစီးရီးတွေကို ရိုက်ကူးခဲ့တဲ့ production crew (ဝန်ထမ်း) တွေနဲ့ ပြန်လည်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
Sky Castle ကို အမေရိကန် ဗားရှင်းအနေနဲ့ “Tribeca” လို့ နာမည်ပေးထားပြီး နယူးယောက်မြို့မှာ ရိုက်ကူးသွားမယ်လို့သိရပါတယ်။
‘Live’ ရော ‘Sky Castle’ ပါ ကိုးရီးယားမှာ လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းတွေဖြစ်ခဲ့ကြပါတယ်။ မကြာခင် အမေရိကန် ဗားရှင်းနဲ့ ဘယ်လို ရိုက်ကူးတင်ဆက်သွားမယ်ဆိုတာကိုလည်း မြင်တွေ့ရတော့မှာမို့ ပိုပိုလေးနဲ့အတူ ဆက်လက်စောင့်မျော်ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
ref:allkpop
(ပိုပိုလေး)