အင်တာနက်မှာ အမုန်းစာသားရေးခဲ့သူများ Sulli ကို ပြန်လည်တောင်းပန်
17 Oct 2019 1,597 Views
တောင်ကိုးရီးယားနာမည်ကြီး Kpop အဆိုတော်အဖွဲ့ F(x) မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။
Sulli ဟာ စိတ်ကျဝေဒနာရောဂါကို ခံစားနေရသူတစ်ဦးဖြစ်ပါတယ်။ အမြဲလိုလို စိတ်ဖိစီးမှုတွေ ရှိနေတတ်တဲ့ Sulli ဟာ သူမကိုယ်ပိုင်အင်စတာဂရမ်အကောင့်မှာ အမုန်းစကား ရေးသားသူ လူတစ်စုရဲ့ သားကောင်ဖြစ်ခဲ့ပါတယ်။
Sulli ဟာ F(x) အဖွဲ့က ထွက်သွားပြီးနောက် "သူမ ပုံစံအမှန်အတိုင်းပဲ ဆက်လက်နေထိုင်သွားမယ်" ဆိုပြီး ပရိတ်သတ်ကို အသိပေးခဲ့ဖူးပါတယ်။ F(x) အဖွဲ့မှာရှိနေခဲ့တုန်းက ပရိတ်သတ်သိတဲ့ Sulli ဟာဆိုရင် ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး ပုံစံအမှန် Sulli ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဘာကိုမှ သိပ်ဂရုမထားတတ်တဲ့ ကောင်မလေးပါ လို့ သူမက ဝန်ခံဖူးပါတယ်။
Sulli က လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်တဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး အပြင်တွေ ဘာတွေ သွားရင် bra (အတွင်းခံအင်္ကျီ) လိုဟာမျိုးတွေ အထူးတလည်ဝတ်မနေတတ်ပါဘူး။ သူမ တစ်ခါ အင်စတာဂရမ်မှာ live လွှင့်ရင်း ရင်သား အနည်းငယ် ပေါ်သွားတာကြောင့် ဆိုရှယ်မီဒီယာက လူတစ်စုက သူမကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။
"သူမ စိတ်လွတ်သွားပြီလား"
"ငါတို့သိတဲ့ အပြစ်ကင်းစင်တဲ့ ကောင်မလေး Sulli က ဘယ်ရောက်သွားပြီလဲ"
"သူမက အဲ့လောက်တောင်ဖြစ်နေတာလား သူမကို ဘယ်သူမှာ မဆုံးမကြတော့ဘူးလား"
အစရှိသဖြင့် သန်းချီသော လူတွေက သူမကို ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။
နေ့စဉ်နဲ့အမျှ မြင်နေကြားနေရတဲ့ ဝေဖန်သံတွေကို မခံနိုင်တော့တဲ့အဆုံး သူမဟာ ဘဝကြီးကို အရှုံးပေးသွားခဲ့ပါတယ်။ Sulli သေဆုံးပြီးနောက် သူမကို ဝေဖန်ခဲ့ကြတဲ့ လူတစ်သိုက်လဲ နောက်တရလို့နေပါပြီ။ အဆိုပါ လူတစ်သိုက်ဟာ Sulli အင်စတာဂရမ် ပို့စ်တွေအောက်မှာ တောင်းပန်တဲ့ သဘောမျိုးသက်ရောက်တဲ့ ကော်မန့်တွေ ရေးသားလာကြပါတယ်။
"ငါတောင်းပန်ပါတယ် Sulli"
"ငါ့နှလုံးသားထဲကနေ အမှန်အကန်တောင်းပန်ပါတယ် ပြန်လာပေးပါ"
"ဘယ်လိုတောင် ကံမကောင်းရတာလဲ Sulli ရယ်"
"သူမသေခင်ကတော့ အမုန်းစကားတွေ လာရေးကြပြီး သူသေသွားမှ ချစ်ပြနေကြတယ် လူတွေများကြောက်ဖို့ကောင်းလိုက်တာ"
"ပန်းပွင့်လေးလို လှတဲ့ Sulli ရေ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေကွယ်"
“Sulli ရေ မင်းက အရမ်းလှပြီး စိတ်သဘောထားပြည့်ဝလွန်းတဲ့သူပါ။ ငါတို့ မင်းကို ကြိုက်နှစ်သက်ခဲ့ပေမယ့် ပြောမပြဖြစ်ခဲ့ဘူး၊ မင်းကို မုန်းတဲ့သူတွေ အများကြီးရှိပေမယ့် ချစ်တဲ့သူတွေလဲ ရှိနေသေးတယ်ဆိုတာ မင်းမသိသွားလိုက်ဘူးကွယ်” ဆိုပြီး တစ်ယောက်တစ်မျိုး ရေးသားထားကြပါတယ်။
Sulli တစ်ယောက် သူ့ကို ချစ်တဲ့သူတွေရှိနေသေးတယ်ဆိုတာကို ကောင်းကင်ကနေ မြင်တွေ့နိုင်ပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။
Ref:allkpop
(ပိုပိုလေး)