BEC-TERO TV

သမီးရည်းစားတွေ ဘာလီကျွန်းကို အပျော်ခရီးထွက်ရင် သတိထား

23 Sep 2019     1,853 Views


အခုလာမယ့် ပိတ်ရက်ရှည်တွေကို ချစ်သူ(ရည်းစား)နဲ့အတူတူ အင်ဒိုနီးရှားနိုင်ငံက အရမ်းသာယာလှပတဲ့ ဘာလီကျွန်းကို ခရီးထွက်ဖို့ ပြင်ဆင်ထားတယ်ဆိုရင် သတိထားပါ။ အခန့်မသင့်ရင် ထောင် ၆ လကနေ ၁ နှစ်အထိ ကျသွားနိုင်ပါတယ်။
 
 
ဘာလီကျွန်းဟာ သဘာဝအလှတရားတွေပြည့်နှက်နေတဲ့ အင်ဒိုနီးရှားအပိုင်ကျွန်းလေးဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံနဲ့ အနီးဆုံးကျွန်းလေးလည်းဖြစ်တာမို့ သြစတြေးလျနိုင်ငံသားတွေ နေ့ချင်းပြန် အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေတဲ့ နိဗ္ဗာန်ဘုံလေးလည်းဖြစ်ပါတယ်။
 
ဘာလီကျွန်းမှာ သဘာဝအလှတရားတွေအပြင် လေးစားလိုက်နာရမယ့် ဒေသခံတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေလည်း ရှိနေပါတယ်။ မကြာခင်မှာထုတ်ပြန်တော့မယ့် ဥပဒေအသစ်အရ လက်မထပ်ရသေးတဲ့ ချစ်သူစုံတွဲတွေ အတူတူနေထိုင်တည်းခိုနေတာကို တွေ့ရှိပါက ထောင်ဒဏ် ၆ လကနေ ၁ နှစ်ထိ ပြစ်ဒဏ်ချဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေကြပြီလို့ သတင်းထွက်ပေါ်လာပါတယ်။
 
 
ဒီသတင်းတွေကြောင့် သြစတြေးလျခရီးသွားတွေဟာ သူတို့စီစဉ်ထားတဲ့ ဘလီကျွန်းခရီးစဉ်တွေကို ပြန်လည် ဖျက်သိမ်းနေကြပါတယ်။ သြစတြေးလျသတင်းမီဒီယာ PetrhNow ရဲ့ ဖော်ပြချက်အရ သြစတြေးလျလူမျိုးတွေဟာ ဘာလီကျွန်းကို သွားလည်ကြဖို့ မသွားရဲဖူး ဖြစ်ကုန်ကြပါပြီလို့ ဖော်ပြထားပါတယ်။ သွားကြတဲ့ စုံတွဲအများစုတွေဟာ လက်မထပ်ထားရသေးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
 
ပြဌါန်းဖို့ရှိနေတဲ့ ဥပဒေသစ်အရ ဟိုတယ်မှာ တည်းခိုမယ့် စုံတွဲတွေဟာ တစ်ခန်းထဲ အတူတူနေကြဖို့ဆိုင်ရင် လက်ထပ်ထားကြောင်း သက်သေစာရွက်စာတမ်းတွေ ပြသပြီးမှ တည်းခိုလို့ရမှာဖြစ်ပါတယ်။ အကယ်၍ စုံတွဲတွေဟာ လက်မထပ်ရသေးပဲ လိင်မှုကိစ္စတွေလုပ်နေတာတွေ့ရင်လည်း အရေးယူအပြစ်ပေးခံရမှာဖြစ်ပါတယ်။
 
 
ဒီဥပဒေသစ်ကြောင့် ခရီးသွားလာရေးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေနိုင်တဲ့အတွက် ရပ်ဆိုင်းထားဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ကို မေတ္တာရပ်ခံထားတယ်လို့ The Sydney Morning Herald သတင်းမှာလည်း ဖော်ပြထားပါတယ်။
 
အကယ်၍ ဒီဥပဒေသစ်ကို ပြဌါန်းလိုက်မယ်ဆိုရင်တော့ ဘာလီကျွန်းရဲ့ စီးပွားရေးကို ဘယ်လိုပြောင်းလဲမလဲ ဆိုတာကတော့ ဆက်လက်ဆောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်မထပ်ရသေးတဲ့ သမီးရည်းစားတွေ ဘာလီကျွန်းကို အလည်သွားမယ်ဆိုရင်တော့ သတိထားဖို့လိုပါလိမ့်မယ်။

 


23 Sep 2019     1,853 Views




RELATED

Most Popular of Special or Others

Most Popular of NEWS