BEC-TERO TV

ဟင်းသီးဟင်းရွက်နဲ့ သစ်သီး လုံးဝမစားသူတွေ မျက်စိကွယ်နိုင်

05 Sep 2019     1,736 Views


ဟိုတီဗီကြော်ညာထဲကလို “ဟွန်း.. အရွက်ကြော်ကြီးလား..?” ဆိုပြီး ဟင်းသီးဟင်းရွက်ချက်ကျွေးတဲ့အခါ မစားချင်ဘူးဆိုပြီး မျက်နှာ မသာမယာနဲ့ ဂျီကျတတ်တဲ့ ကလေးတွေ အိမ်မှာရှိနေပါသလား..?
 
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုတော့ မကြိုက်ပဲ အာလူးကြော်၊ ဝက်အူချောင်းကြော် စတဲ့ ဆီကြော်မုန့်တွေကိုတော့ ဘယ်နှစ်ထုတ်ဖောက်ဖောက် ကုန်အောင်စားတတ်တယ်ဆိုရင် မိဘတွေအနေနဲ့ သတိထားဖို့လိုပါပြီ။
 
 
ဆီကြော်မုန့်တွေဟာ လျှာအရသာအလွန်တွေ့ပြီး စားပြီးရင်း စားချင်တဲ့ သွားရေစာ အစားအစာတွေဖြစ်ပါတယ်။ ဒီလို အစားအသောက်တွေဟာ လူ့ခန္ဓာကိုယ်အတွက် တစ်ကယ်လိုအပ်တဲ့ အဟာရတွေကို မဖြစ်စေပဲ ရေရှည်မှာ ကျန်းမာရေးအတွက် အန္တရာယ်အလွန်ရှိပါတယ်။ 
 
အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ် က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဟာ အဟာရဖြစ်စေတဲ့ ဟင်းသီးဟင်းရွက် သစ်သီးတွေကို မကြိုက်ပဲ အာလူးကြော်၊ ဝက်အူချောင်းကြော်၊ အသားညှပ်မုန့် စတာတွေကို ဆယ်စုနှစ်တစ်ခုကျော် နေ့စဉ် စားသောက်ခဲ့တာကြောင့် ဗီတာမင်ချို့တဲ့ပြီး သူ့ရဲ့မျက်စိ နှစ်ဖက်လုံး ကွယ်သွားခဲ့ရပါတယ်။
 
သူဟာ အသီးအရွက်တွေ လုံးဝမစားခဲ့တဲ့အတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် B12 ၊ ကော့ပါးနဲ့ ဗီတာမင်ဒီတို့ အလုံအလောက်မရခဲ့ပါဘူး။ နည်းပညာကောလိပ်တက်နေတဲ့ လူငယ်ဟာ ၃ နှစ်အတွင်း သူ့ရဲ့အမြင်အာရုံ တစ်ဖြည်းဖြည်းချို့ယွင်းလာတဲ့အတွက် ကျောင်းထွက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အမြင်အာရုံလုံးဝ ဆုံးရှုံးသွားခဲ့ပါတယ်။
 
 
အမြင်အာရုံ နာ့ဗ်ကြောလေးတွေအတွက် လိုအပ်တဲ့ အဟာရမရခဲ့တာကြောင့် အမြင်အာရုံကြွက်သားအမျှင်လေးဟာ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တာဖြစ်ကြောင်း ဆရာဝန်တွေက သူ့ရဲ့အခြေအနေကို စစ်ဆေး သိရှိခဲ့ပါတယ်။
 
သူ့အသက် ၁၄ နှစ်တုန်းကလည်း မကြာခဏမောပမ်းနွမ်နယ်တတ်လို့ ဆရာဝန်နဲ့ ပြသခဲ့ရဖူးပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်တဲ့အခါ သူ့မှာ သွေးအားနည်းရောဂါရှိပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးဆဲလ်တွေကို မထုတ်လုပ်နိုင်တာ တွေ့ခဲ့ရပါတယ်။
 
အဲဒီတုန်းက သူ့ကို အားဆေးတွေထိုးပေးပြီး အသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ မျှတစွာစားဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အခြေနေက တိုးတက်မလာပဲ အသက် ၁၅ နှစ်မှာတော့ နားမကြားတာ၊ အမြင်အာရုံချို့တဲ့တာတွေကို စတင်ခံစားလာရပါတယ်။
 
နောက်ဆုံးမှာ တစ်ဖြည်းဖြည်းနဲ့ လုံးဝ မျက်စိကွယ်သွားခဲ့ပါတယ်။ အခုလိုဖြစ်ရတာဟာ ကျောင်းနေအရွယ်ထဲက စားပုံသောက်ပုံတွေ မှားယွင်းခဲ့ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေမစားပဲ ဆီကြော်မုန့်တွေကိုသာ စွဲစွဲမြဲမြဲစားခဲ့တာကြောင့် ဖြစ်တယ်လို့ အခုလိုပြဿနာတွေကို ကိုင်တွယ်နေတဲ့ Dr Atan က ဆိုပါတယ်။
 
ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ကို ကြိုက်တတ်အောင် မိဘတွေအနေနဲ့ လေ့ကျင့်ပေးသင့်ကြောင်းလည်း အကြံပြုထားပါတယ်။
 

05 Sep 2019     1,736 Views




RELATED

Most Popular of Special or Others

Most Popular of NEWS