ကိုယ်ခံပညာသုံးပြီး ဇနီးသည်ကို အိမ်တွင်းအကြမ်းဖက် ရုပ်သံပျံ့နှံ့
30 Aug 2019 1,728 Views
ဗီယက်နမ်နိုင်ငံက ကိုယ်ခံပညာကျွမ်းကျင်တဲ့ အမျိုးသားတစ်ယောက်ဟာ ကလေးလေးကို ချီထားတဲ့ သူ့ရဲ့ဇနီးကို ဒေါသအပြည့်နဲ့ မျက်နှာကို ထိုးချလိုက်ရာ အမျိုးသမီးမှာ ကလေးနဲ့အတူ ကြမ်းပြင်ပေါ်ကို ပုံရက်သားကျသွားတဲ့ စီစီတီဗီရုပ်သံပျံ့နှံ့ခဲ့ပြီး ဝေဖန်ပြောဆိုမှုတွေ ပြင်းထန်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းက ဇနီးဖြစ်သူဟာ အိမ်ထဲမှာထားတဲ့ တီဗီကို အခြားအခန်းတစ်ခုကို ပြောင်းရွေ့မိခဲ့တာကြောင့် ခင်းပွန်းဖြစ်တဲ့ Nguyen Xuan Vinh (၃၂ နှစ်) က ဒေါသထွက်ပြီး ပြဿနာဖြစ်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ရိုက်နှက်ခံရတဲ့ အမျိုးသမီး Vu Thi Thu Ly (၂၇ နှစ်) ဟာ ဗီယက်နမ် ရေဒီယို VOV မှာ သတင်းနဲ့ အစီစဉ်ကြေညာသူဖြစ်ပါတယ်။ သူမဟာ အိမ်တွင်းအကြမ်းဖက်ခံခဲ့ရတဲ့ စီစီတီဗီရုပ်သံကို အားလုံးသိအောင် အွန်လိုင်းပေါ်မှာ ပြန်တင်ခဲ့တာဖြစ်ပါတယ်။
ရုပ်သံအရ ပြဿနာဖြစ်နေတဲ့အချိန်မှာ Vu Thi Thu Ly က နှစ်လအရွယ် သားငယ်လေးကို ရင်ခွင်ထဲမှာ ပိုက်ချီထားစဉ် ခင်ပွန်းက မျက်နှာကို ထိုးလိုက်တဲ့အတွက် ကြမ်းပြင်ပေါ် ပုံရက်သား ပြုတ်ကျသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကလေးကိုတော့ ဘေးကင်းစွာ ချီပွေ့ထားနိုင်ခဲ့ပါတယ်။
ရုပ်သံမှာ ဒေါသကြီးနေတဲ့ အမျိုးသားက ကလေးပွေ့ချီထားတာကိုတောင် ဂရုမစိုက်နိုင်ပဲ ဇနီးကို တိုက်ခိုက် ထိုးနှက်ပြောဆိုချင်နေတဲ့ အမူယာကို တွေ့ရပါတယ်။ အခန်းထဲကို ဝင်သွားတဲ့အခါမှာလည်း မျက်နှာကို နောက်ပြန်တစ်ပတ်ချာလည်ကစ်နဲ့ လှမ်းကန်တာကို တွေ့ရပါတယ်။
အမျိုးသမီးဟာ ဆေးရုံမှာ ကုသမှုခံယူခဲ့ရပေမယ့် အမျိုးသားကိုတော့ မည်သူကမှ ဖမ်းဆီးအရေးယူခြင်းမရှိသေးပါဘူး။ သူတို့လင်မယာဟာ ယခင်ကလည်း အခုလို နှိပ်စက်ခဲ့တာကြောင့် ကွဲခဲ့ကြဖူးပါတယ်၊ အခုတစ်ခါ ဒုတိယမြောက် ကလေးမမွေးခင်မှာ ပြန်ပါင်းခဲ့ကြပြီး ထပ်မံနှိပ်စက်ခံရတာဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေနဲ့ ပက်သက်ပြီး လှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့အဆိုရ နိုင်ငံတစ်ဝှမ်းလုံးမှာ အလာအတူအဖြစ်ပျက်များစွာရှိနေပြီး အမျိုးသမီးတွေဟာ ရှေ့ထွက်လာဖို့ကို ကြောက်ရွံ့နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုဆိုရင်တော့ ဒီကိစ္စတွေဟာ ငြိမ်ခံနေရမယ့်ကိစ္စတွေမဟုတ်မှန်း ကျယ်ကျယ်ပြန့်ပြန့် သိလာကြပြီး သတင်းပို့တိုင်ကြားတဲ့ အမှုတွေ ရှိလာကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံမှာလည်း ယနေ့ခေတ်မှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ မိသားစုအရေးကိစ္စ သက်သက်မဟုတ်ဘူး ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိလာကြပါပြီ။ ဒါကြောင့်မို့ မြင်မကောင်းရှုမကောင်းအောင် ရိုက်နှက်နေတယ်ဆိုရင် “ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါကြနဲ့” ဆိုတဲ့ အိမ်တွင်း အကြမ်းဖက်နေသူတွေရဲ့ လက်သုံးစကားကို အရေးစိုက်ဖို့ မလိုပဲ မည်သူမဆို သက်ဆိုင်ရာကို တိုင်ကြောင်းနိုင်ကြောင်း သိထားကြစေလိုပါတယ်။