သေဆုံးသွားတဲ့ချစ်သူနဲ့ စီစဉ်ထားတဲ့အတိုင်း လက်ထပ်ခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်
30 Aug 2019 1,694 Views
ချစ်သူနှစ်ဦး အကြာကြီး တွဲလာခဲ့ကြပြီး လက်ထပ်ဖို့လည်း အစစ အရာရာပြင်ဆင်ထားပြီးမှ မင်္ဂလာဆောင်ဖို့ တစ်လအလိုမှာ ကိုယ့်ချစ်သူက ကံကြမ္မာဆိုးကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရမယ်ဆိုရင် ဘယ်လိုခံရကြရပါမလဲ..? ဘယ်သူကမှ ဒီလိုအဖြစ်ပျက်မျိုးကို ခံနိုင်ရည်ရှိနိုင်ကြလိမ့်မယ် မထင်မိပါဘူး။
ပုံမှန်သာဆိုရင် ဒီလိုအဖြစ်ဆိုးမျိုးကြုံတဲ့အခါ မင်္ဂလာပွဲပျက်ဖို့ သေချာနေပေမယ့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က Dan Thien ဆိုတဲ့ လူငယ်လေးကတော့ သူ့ချစ်သူကောင်မလေးရဲ့ ဈာပနအခမ်းအနားမှာပဲ ဆွေမျိုးမိတ်သင်္ဂဟများ ရှေ့မှောက်မှာ ကတိအတိုင်း လက်ထပ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဗီယက်နမ်သတင်းစာ Nguoi Dua Tin ရဲ့ ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ် သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ် အကြာကြီးတွဲခဲ့ကြပြီး လာမယ့် စက်တင်ဘာလထဲမှာ လက်ထပ်ဖို့ စီစဉ်ထားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်လုံးက ဂျပန်နိုင်ငံမှာ အတူတူ အလုပ်လုပ်ကိုင်နေခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ထားကြတဲ့အတွက် မိန်းကလေးက စီစဉ်စရာရှိတာတွေ ကြိုတင် စီစဉ်ဖို့ ဗီယက်နမ်နိုင်ငံကို အရင်ပြန်နှင့်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ဂျပန်နိုင်ငံမှာ ခွဲခွာခဲ့ကြတာဟာ ထာဝရဝေးရဖို့ ဖြစ်လာလိမ့်မယ်ဆိုတာ ဘယ်သူက ထင်ထားမလဲနော်။
ဗီယက်နမ်ကို ပြန်သွားခဲ့တဲ့ မိန်းကလေးက သြဂုတ်လ ၂၅ ရက်နေ့မှာ ဆိုင်ကယ်စီးလာရင်း လမ်းမကြီးပေါ်က ရေအိုင်တစ်ခုကို ရှောင်လိုက်ရာမှာ တစ်ဖက်ကလာတဲ့ကားနဲ့ တိုက်မိပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။
ဒီမတော်တဆ ယာဉ်တိုက်မှုကို အနားမှာရှိနေတဲ့ လူတစ်ယောက်က Live လွှင့်ပြီး အွန်လိုင်းတင်လိုက်ရာ ဂျပန်မှာရှိနေတဲ့ ကောင်လေးက ကြည့်မိသွားပြီး သေဆုံးသွားတဲ့ မိန်းကလေးက သူ့ချစ်သူနဲ့ တူနေတာကြောင့် အွန်လိုင်းပေါ်မှာပဲ ချက်ခြင်းအသေးစိတ်စုံစမ်းခဲ့ပါတယ်၊ နောက်ဆုံးမှာ သူ့ရဲ့ချစ်သူ ကောင်မလေး သေချာနေတာကို တုန်လှုပ်ခြောက်ခြားစွာနဲ့ သိလိုက်ရပါတယ်။
ချက်ခြင်းဆိုသလို လေယာဉ်လက်မှတ်ကောက်ဝယ်ကာ ဗီယက်နမ်နိုင်ငံကို ပြန်သွားခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွခ်မှာလည်း “အရင်စီစဉ်ထားတဲ့ မင်္ဂလာနေ့ရက်အစား ဒီနေ့ည ၁၀ နာရီမှာ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးပါ” လို့ ရေးတင်ပြီး မိတ်ဆွေတွေကို ကြေညာခဲ့ပါတယ်။
ဒီပို့စ်က ပျံ့နှံ့ခဲ့ပြီး များစွာသော အွန်လိုင်းသုံးသူတွေက ဝမ်းနည်းကြောင်းစာတွေ ရေးသားပေးပို့ခဲ့ကြပါတယ်။ တစ်ချိန်ထဲမှာပဲ ဆွေမျိုးမိတ်ဆွေတွေရဲ့ ရှေ့မှောက်မှာ သူ့ရဲ့ချစ်သူ ကောင်မလေးရဲ့ ရုပ်အလောင်းနဲ့ လက်ထပ်ပွဲဆင်နွှဲခဲ့ပါတယ်။
မိန်းကလေးရဲ့ ခေါင်းတလားရှေ့မှာ မင်္ဂလာပွဲမှာထုံးစံအတိုင်း ပန်းတွေ၊ လက်ဝတ်ရတနာဗူးနဲ့ အပြန်အလှန် လဲလှယ်ရမယ့် လက်ထပ်လက်စွပ်တို့ကို ပြင်ဆင်ထားပြီး မင်္ဂလာဆောင်ခဲ့ကြပါတယ်။
သူ့ရဲ့ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ခဲ့ပြီးနောက် “မင်္ဂလာဆောင်ကြရင် သူ့ကို ဆိုပြဖို့ သီချင်းတစ်ပုဒ်ပြင်ဆင်ထားခဲ့ပါတယ်၊ ဒီသီချင်းကို အခုဆိုပြခွင့်ပြုကြပါ၊ အားလုံးပဲ စိတ်မရှိပါနဲ့” လို့ တောင်းပန်ခဲ့ပြီး သီချင်းတစ်ပုဒ်ကို ဆိုပြခဲ့ပါတယ်။
ပြီးသွားတဲ့အခါမှာတော့ “ကျွန်တော့်ရဲ့ ဇနီးဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပါပဲ၊ သူမရှိတော့ပေမယ့်လည်း ကျွန်တော်အကောင်းဆုံး ကြိုးစားနေထိုင်သွားပါ့မယ်။ လည်ဆွဲသေးသေးလေးတွေ သဘောကျတယ်လို့ သူက ကျွန်တော့်ကို ပြောဖူးတယ်၊ ကျွန်တော်သိပါတယ် ကျွန်တော် သူ့အတွက် အကုန်အကျများမှာစိုးလို့ ဒီလိုပြောတယ်ဆိုတာ။ ကျွန်တော်အလုပ်တွေ ကြိုးစားတာဟာ သူ့အတွက်အရာရာအကုန်လုံး ဖြည့်ဆည်းပေးချင်လို့ပါ၊ ဒီအတိုင်းပဲ ဆက်နေသွားမှာပါ” လို့ ပြောပြီး သူဝယ်လာတဲ့ လည်ဆွဲလေးကို သူမရဲ့ ဓါတ်ပုံဘေးမှာ တင်ထားလိုက်ပါတယ်။
Dan Thien ဟာ မင်္ဂလာပွဲ အစဆုံး အကောင်းဆုံး စိတ်ကိုငြိမ်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် သူ့ရဲ့မိခင်ဖြစ်သူက သားအဖြစ်ကို သနားလွန်းလို့ သူ့ကို လာဖက်ထားတဲ့အချိန်မှာတော့ စိတ်မထိန်းထားနိုင်တော့ပဲ ဝမ်းနည်းပက်လက် ပြိုလဲကျသွားခဲ့ပါတယ်။ အရမ်းကြေကွဲစရာကောင်းတဲ့ အဖြစ်ပျက်ရုပ်သံဟာ အွန်လိုင်းပေါ်မှာလည်း ထပ်မံပျံ့နှံ့သွားခဲ့ရပြန်ပါတယ်။ ရုပ်သံလေးကို ကြည့်ရင်း ချစ်ကြသူတိုင်း ရိုးမြေကျပေါင်းကြရပါစေလို့ ဆုတောင်းပေးလိုက်မိပါတယ်။