၂၀၁၉ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး ကမ္ဘာကျော်ပုဂ္ဂိုလ်များ
29 Aug 2019 2,560 Views
၂၀၁၉ ခုနှစ်ရဲ့ ဘီလီယံနာများ စာရင်းကို ‘Forbes’ မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက ဘီလီယံနာ ၃၂၄ ယောက်၊ အိန္ဒိယနိုင်ငံက ၁၀၆ ယောက်၊ ထိုင်းနိုင်ငံက ၃၁ ယောက် ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံက တစ်ယောက်မှ မရှိသေးတာကတော့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။
၂၀၁၉ ခုနှစ် ဘီလီယံနာ စစ်တမ်းမှာ လူသိများထင်ရှားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရှိနေပါတယ်။
“ဒေါ်နယ်ထရမ့်”
လက်ရှိအမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့် ဟာ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံနဲ့ သူဌေးစာရင်းနံပါတ် ၇၁၅ နေရာက ရပ်တည်နေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဖခင်ဖြစ်သူ ‘Fred’ ရဲ့ တန်ဖိုးနဲအိမ်ယာ တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ ကူညီပေးရင်း စီးပွားရေးလောကထဲကို စတင်ခြေချခဲ့ပါတယ်။ နယူးရော့ခ်မြို့၊ မန်ဟတ်တန်ရပ်ကွက်က အဆောက်အဦး အတော်များများကို ပိုင်ဆိုင်ထားပြီး အိမ်ခြံမြေစီးပွားရေးနဲ့ အောင်မြင်လာခဲ့ပါတယ်။
ကမ္ဘာအရပ်ရပ်မှာလည်း သူပိုင်ဆိုင်တဲ့ ဂေါက်ကွင်းတွေ ဝိုင်အရက်ထုတ်လုပ်ရေး လုပ်ငန်းတွေ အများအပြားရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။
“ဂျက်မား”
တရုတ်နိုင်ငံက အလီဘာဘာအွန်လိုင်းစတိုးဆိုင်သူဌေးကြီး “ဂျက်မား” က ဘီလီယံနာစာရင်း နံပါတ် ၂၁ ကနေ ရပ်တည်နေပါတယ်။ သူ့ရဲ့ကြွယ်ဝမှုက ၂၀၁၉ ခုနှစ်မှာ ၃၇.၃ ဘီလီယံ ရှိပါတယ်။
တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာနည်းပြဘဝကနေ အလီဘာဘာအုပ်စု စီးပွားရေးလုပ်ငန်းကြီးကို ပူးတွဲတည်ထောင်ခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းစီးပွားရေး လုပ်ငန်းကြီး ဖြစ်လာခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ အလီဘာဘာရဲ့ စတော့ရှယ်ယာတွေကို လူတိုင်းဝယ်နိုင်အောင် အများကြီးဖွင့်ပေးခဲ့တာကြောင့် ကုမ္ပဏီရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံထိ တိုးတက်သွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ အလီဘာဘာကုမ္ပဏီရဲ့ ဥက္ကဋ္ဌရာထူးကနေ တစ်နှစ်ကြာရင် အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။
“ဂျက်မား” ဟာ အလီဘာဘာအပြင် ဖျော်ဖြေရေးကုမ္ပဏီတွေဖြစ်တဲ့ Huayi Brothers နဲ့ Bejing English Media တို့မှာလည်း ရင်းနှီးမြုတ်နှံမှုတွေ ရှိထားပါတယ်။
“လာရီ ပေ့ချ်”
သူသာမရှိရင် “ဂူဂဲလ်” ဆိုတာ ပေါ်လာစရာအကြောင်းလည်း ရှိမယ်မထင်ပါဘူး။ Google ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ “Larry Page” ဟာ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၅၀.၈ ဘီလီယံနဲ့ သူဌေးစာရင်း နံပါတ် ၁၀ မှာ ရပ်တည်နေပါတယ်။
၁၉၉၈ ခုနှစ်မှာ စတန်းဖို့ဒ်တက္ကသိုလ်က Ph.D. ကျောင်းသား Sergey Brin နဲ့ အတူတူ Google ကို စတင်ဖန်တီးခဲ့ကြပါတယ်။ “Larry Page” ဟာ အခုဆိုရင် နည်းပညာနယ်ပယ်က Google၊ ကျန်းမာရေးနယ်ပယ်က Calico နဲ့ အိမ်အသုံးအဆောင်ပစ္စည်းကုမ္ပဏီ Nest နဲ့ အခြားသော ကုမ္ပဏီတွေရဲ့ ပင်မကုမ္ပဏီကြီးဖြစ်တဲ့ Alphabet ရဲ့ ပဲ့ကိုင်ရှင်ကြီးဖြစ်ပါတယ်။
မာ့ခ်ဇူကာဘတ်
ကမ္ဘာအနှံ့က Facebook သုံးစွဲသူတွေရဲ့ အကျိုးနဲ့ Facebook တည်ထောင်သူ “မာ့ခ်ဇာကာဘတ်” က ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၆၂.၃ ဘီလီယံ ပိုင်ဆိုင်ပြီး သူဌေးစာရင်းမှာ ကမ္ဘာ့နံပါတ် ၈ နေရာကို ရယူထားပါတယ်။
သူ့အသက် ၁၉ နှစ်၊ ၂၀၀၄ ခုနှစ် ဟားဗတ်တက္ကသိုလ် ကျောင်းသားဘဝမှာ အတန်းထဲက ကျောင်းသားတွေရဲ့ မျက်နှာနဲ့ အမည်တွေကို တွဲပေးတဲ့ ပရိဂရမ်တစ်ခုကို ရေးရင်းကနေ Facebook ဖြစ်လာခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ Facebook ရဲ့ ရှယ်ယာတွေကို လူတိုင်းဝယ်နိုင်အောင် ထုတ်ပေးခဲ့ပြီး ရှယ်ယာရဲ့ ၁၅% ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။
“ဇူကာဘတ်”နဲ့ ဇနီးဖြစ်သူ “ပရီဆီးလီးယားချန်း” တို့က သူတို့ပိုင်ဆိုင်ထားတဲ့ Facebook ရဲ့ ရင်းနှီးမြုတ်နှံမှု ၉၉% ကို သူတို့မရှိတော့တဲ့အခါ အခြားသူတွေကို ဝေမျှပေးသွားမယ်လို့ ၂၀၁၅ ခုနှစ်မှာ ကတိပေးခဲ့ပါတယ်။
“ဘီလ်ဂိတ်”
ဝင်းဒိုးကွန်ပြူတာတွေနဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ဖန်တီးရှင် “ဘီလ်ဂိတ်” က ဘီလီယံနာစာရင်းမှာ ၁၂ ကြိမ်တိုင်တိုင် အမြဲနံပါတ် ၁ နေရာမှာရှိနေပေမယ့် ၂၀၁၉ ခုနှစ်စာရင်းအရ ကြွယ်ဝမှု ဒေါ်လာ ၉၆.၅ ဘီလီယံနဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။
‘ဘီလ်ဂိတ်’ နဲ့ ဇနီး ‘မလင်ဒါ’ တို့ ပူးပေါင်းပြီး Bill & Melinda Gates Foundation တစ်ခု တည်ထောင်ပါတယ်။ ဒီဖောင်းဒေးရှင်းဟာ ကမ္ဘာပေါ်မှာ လှူဒါန်းမှုတွေ အကြီးအကျယ်ပြုလုပ်နေတဲ့ ပုဂ္ဂလိက ဖောင်းဒေးရှင်းဖြစ်ပါတယ်။
ဖောင်ဒေးရှင်းကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းတွေနဲ့ ပိုလီယိုရောဂါတိုက်ဖျက်ရေးတို့ကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနေပါတယ်။
‘ဘီလ်ဂိတ်’ ဟာ ၁၉၇၅ ခုနှစ်မှာ “ပေါလ်အလန်” နဲ့ အတူတူ တည်ထောင်ခဲ့တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ရင်းနှီးမြုတ်နှံမှုတွေကို ထားခဲ့ပြီး လက်ရှိမှာ ရှယ်ယာ ၁% သာ ပိုင်ဆိုင်ပါတော့တယ်။ ၂၀၁၆ ခုနှစ်က စွမ်းအင်နဲ့ပက်သက်ပြီး လိုအပ်တဲ့ ရင်းနှီးမြုတ်နှံငွေ ဒေါ်လာ ၁ ဘီလီယံကို မိတ်ဆွေ အယောက် ၂၀ နဲ့အတူ စုပေါင်းလှူဒါန်းခဲ့ပါတယ်။
‘ဘီလ်ဂိတ်’ ရဲ့ လှူဒါန်းမှုတွေဟာ အခုချိန်ထိဆိုရင် မိုက်ခရိုဆော့ဖ်က ရရှိတဲ့အကျိုးအမြတ် ဒေါ်လာ ၃၅.၈ ဘီလီယံကို ကမ္ဘာအရပ်ရပ်က လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ လှူဒါန်းပြီးဖြစ်ပါတယ်။ ဒီလိုလှူဒါန်းမှုတွေသာ မရှိရင် သူသာလျှင် ဘီလီယံနာစာရင်းမှာ ထာဝရ နံပါတ် ၁ ဖြစ်နေနိုင်ပါတယ်။
“ဂျက်ဖ်ဘီဇော့”
၁၉၉၄ ခုနှစ်က ကားဂိုဒေါင်လေးမှာ လုပ်ငန်းစတင်ခဲ့တဲ့ ‘Amazon’ ရဲ့ ပဲ့ကိုင်ရှင် “Jaff Bezos” က ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၃၁ ဘီလီယံနဲ့ ကမ္ဘာ့နံပါတ် ၁ သူဌေးကြီးနေရာမှာ ဦးဆောင်နေပါတယ်။
Amazon ရဲ့ CEO အဖြစ်တာဝန်ထမ်းဆောင်နေပေမယ့် ရှယ်ယာရဲ့ ၁၆% သာ ပိုင်ဆိုင်ထားပါတယ်။ ၂၅ နှစ်တာ ပေါင်းသင်းလာခဲ့တဲ့ ဇနီးနဲ့ ဧပြီလက ကွာရှင်းခဲ့ပြီး ရှယ်ယာ ၄% ကို မကြာမီလွှဲပြောင်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။
‘Benzos’ ဟာ The Washington Post သတင်းမီဒီယာနဲ့ ခရီးသည်တင် အာကာသဒုံးပျံတည်ဆောက်နေတဲ့ Blue Origin ကုမ္ပဏီကြီးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။