ဘယ်သူမှ သတိမထားမိလိုက်တဲ့ မင်းသမီးကြီး Choi Ji Woo ရဲ့လက်ထပ်မင်္ဂလာပွဲ
14 Aug 2019 1,485 Views
‘ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်’ Winter Sonata ဇာတ်ကားထဲက အဓိကဇာတ်ဆောင်မင်းသမီး Choi Ji Woo ဟာဆိုရင် ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေနဲ့ သိပ်မစိမ်းလှပါဘူး။ Choi Ji Woo ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့ပေမယ့် ပရိတ်သတ်တွေရော အနုပညာအသိုင်းအဝိုင်းကလူတွေပါ သတိမထားမိခဲ့ကြပါဘူး။ သူမ လက်ထပ်ပွဲကို မိဘဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့သာ တိတ်တဆိတ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုလို လူသိရှင်ကြား လက်ထပ်ပွဲမလုပ်ရခြင်း အကြောင်းအရင်းကို Choi Ji Woo တစ်ယောက် ဘယ်လို ဖြေရှင်းသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သတ်ပြီး Choi Ji Woo က သူမ အင်စတာဂရမ်ကနေ စာတစ်စောင်ရေးသားပြီး ပြောပြလာပါတယ်။
“ဒီစာကိုရေးနေတဲ့အချိန် ကျွန်မရှက်ပြီး စိတ်တွေလှုပ်ရှားနေပါတယ်။ ရုတ်တရက်ဆိုပေမယ့် မင်္ဂလာရှိတဲ့ သတင်းကောင်းလေးတစ်ခုကို အသိပေးပါရစေ။ မတ်လ ၂၉ ရက်နေ့ဟာ ကျွန်မချစ်ရသူနဲ့ လက်ထပ်ပြီး ဘဝကို အတူစတင်ကြဖို့ သဘောတူထားတဲ့နေ့လေးပါ။
ဒီနေ့ နေ့လည်မှာပဲ ကျွန်မ မိသားစုဝင်တွေနဲ့အတူ ဘယ်သူမှမသိတဲ့ လက်ထပ်ပွဲလေးကို ကျင်းပခဲ့ကြပါတယ်။ အခုအချိန်ကစပြီး ကျွန်မ နွေးထွေးတဲ့ မိသားစုဘဝလေးကို သူနဲ့အတူ တည်ဆောက်သွားမှာပါ။ ကျွန်မတို့နှစ်ဦးစလုံးဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးကြသလို လေးလဲလေးစားကြပါတယ်။
လက်ထပ်ပွဲ ပြင်ဆင်နေချိန်မှာ ဘယ်သူ့ကိုမှအသိမပေးလိုက်ရလို့ ကျွန်မအနည်းငယ်စိတ်လေးနေခဲ့ပါတယ်။ အရင်ကတည်းက ကြိုတင် အသိပေးထားသင့်တယ် ဆိုတဲ့အတွေးမျိုးရှိပေမယ့် ကျွန်မ အမျိုးသားနဲ့ မိသားစုဝင်တွေက အနုပညာရှင်မဟုတ်တဲ့အတွက် လူသိမခံလိုတာကြောင့် အခုလို နောက်ကျမှ အသိပေးရတာကို နားလည်ပေးဖို့ တောင်းဆိုပါရစေ။
ကျွန်မကို အားပေးနေတဲ့ ပရိတ်သတ်တွေကို ဒီနေ့ဟာ ကျွန်မအတွက် အပျော်ဆုံးနေ့လေးတစ်နေ့ဆိုတာ အသိပေးလိုတာကြောင့် ဒီစာကိုရေးတင်ရခြင်းဖြစ်ပါတယ်။ ရှေ့ဆက် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားဦးမှာပါ။ ကျေးဇူးတင်ပါတယ်၊ အကုန်လုံးကိုချစ်တယ်” ဆိုပြီးရေးသားထားပါတယ်။
မင်းသမီးကြီး Choi Ji Woo ဟာဒီနှစ်ထဲမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ အရွယ်မှာ တွေ့ရှိတဲ့အချစ်၊ ဒီလိုအချစ်မျိုးရဲ့ လမ်းခရီးကတော့ လေးစားမှု၊ ချစ်ခင်မြတ်နိုးမှုတွေအတိဖြစ်နေမှာ အမှန်ပါပဲ။
Ref:koreaboo
(ပိုပိုလေး)