အင်္ဂလန်လက်ရွေးစင်နှင့် မန်ယူအသင်းကစားသမား ဂရင်းဝုဒ် လိုင်ယွန်သို့ ပြောင်းရွေ့ 
09 Aug 2019 1,540 Views

မန်ယူအသင်းနှင့် အင်္ဂလန်အမျိုးသမီးလက်ရွေးစင် ကစားသမား ဂရင်းဝုဒ်ကို ဥရောပ ချန်ပီယံ လိုင်ယွန်အသင်းက ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲလက်စ် ဂရင်းဝုဒ် ဟာ မန်ယူအသင်း၏ အားထားရတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ မန်ယူအသင်းခေါင်းဆောင် ဂရင်းဝုဒ် ဟာ လိုင်ယွန်အသင်းကိုရောက်ရှိပြီးနောက် “ကမ္ဘာ့ အကောင်းဆုံးအမျိုးသမီးရှိတဲ့ ကလပ်မှာ ကစားခွင့်ရတော့မှာဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကိုယ့်ကိုကိုယ်လည်း အကောင်းဆုံးကစားသမားတစ်ဦးဖြစ်အောင် နေ့စဉ်ကြိုးစားနေပါတယ်။ ကစားရတော့မယ့် ပွဲစဉ်တွေအတွက် စိတ်လှုပ်ရှားနေပါပြီ ” လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ၂၀၁၈ ခုနှစ်က ဂရင်းဝုဒ်ကို လီဗာပူးလ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းမှာ (၁၈) ပွဲပါဝင်ကစားခဲ့ပြီး သွင်းဂိုး (၄) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းမှာ တစ်နှစ်ကြာသာ ကစားခဲ့ပြီးနောက် လိုင်ယွန်အသင်းကို ပြောင်းရွေ့ ခဲ့ခြင်းဖြစ်ပါတယ်။
လိုင်ယွန်အမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ်တိုင် ဆွပ်ခူးထားခဲ့ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ အထိ (၄) နှစ်ဆက် ချန်ပီယံဖြစ်ခဲ့ပါတယ်။