မန်ယူအသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ အန်ဒါလက်အသင်းနဲ့ ထရိန်နင်ဆင်းခဲ့တဲ့ လူကာကူ
06 Aug 2019 1,458 Views
မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာဖို့ သတင်းတွေထွက်နေတဲ့ လူကာကူဟာ အသင်းခွင့်ပြုချက်မရှိဘဲ မနေ့က အန်ဒါလက်အသင်းမှာ လေ့ကျင့်ခန်းဆင်းနေတယ်လို့ သိရပါတယ်။ လူကာကူဟာ နိုင်ငံအသင်းကနေပြန်လာပြီး ဒဏ်ရာကြောင့် မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်း လွှဲချော်ခဲ့ပါတယ်။
လူကာကူဟာ မန်ယူအသင်းမှာ ပျော်ပုံမရဘဲ အသင်းပြောင်းရွေ့ ဖို့ စိတ်အားထက်သန်နေပြီး သူကို ခေါ်ယူဖို့ အင်တာမီလန် နှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေပါတယ်။ အင်တာမီလန် နှင့် ဂျူဗင်တပ်စ်အသင်းတို့က လူကာကူကို စိတ်ဝင်စားပေမယ့် မန်ယူအသင်းက ပြောင်းရွေ့ ထိုက်ထိုက်တန်တန်ရမှ လက်ခံနိုင်ဖွယ်ရှိနေပါတယ်။
အစောပိုင်းက အင်တာမီလန်အသင်းက ပေါင် (၅၄) သန်းဖြင့်ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းက လူကာကူကိုခေါ်ယူဖို့ ဒိုင်ဘာလာနဲ့  အလဲအထပ်ပြုလုပ်ဖို့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။
မန်ယူအသင်းရဲ့ ရာသီကြိုပွဲစဉ်တွေမှာ လူကာကူလွှဲချော်ခဲ့ရတာကြောင့် မန်ယူအသင်းဟာ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဂရင်းဝုလ် ၊ ချောင် ၊ ဂိုးမက်စ် တို့ကို အသုံးပြုခဲ့ရပါတယ်။ အီတလီကလပ်တွေဟာ လာမည့် သြဂုတ်လ ၂၃ ရက်နေမှာ အပြောင်းအရွေ့ ပိတ်မှာ ဖြစ်ပြိး အင်တာမီလန်အသင်းကတော့ လာမည့် ကြာသပတေးနေ့မှာ လူကာကူ ခေါ်ယူသွားဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
အင်တာမီလန်အသင်းက လူကာကူကို ခေါ်ယူလိုပါက အဲရက်မတိုင်မီ ဆွေးနွေးမှု ပြုလုပ်သွားဖို့ လိုပါတယ်။ မန်ယူအသင်းဟာ ဒီရာသီမှာ ဒန်နီရယ် ဂျိမ်း ၊ ဝမ်ဘစ်ဆာကာ ၊ မက်ဂွဲယား စတဲ့ ကစားသမား ၃ ဦးအထိ ခေါ်ယူထားပြီး ယူရို သန်း (၁၆၀) နီးပါး အသုံးပြုထားပါတယ်။