ကားလမ်းဖယ်မပေးလို့ မျက်နှာကို ဖြတ်ရိုက်တဲ့ ဘောစိအမျိုးသမီး (ရုပ်သံ)
01 Aug 2019 1,515 Views
ကားလမ်းကြောပိတ်ဆို့မှုဟာ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခုလို ကားမောင်းသူတွေ နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။ ယာဉ်ကြောပိတ်ဆို့ကြံ့ကြာတာကို စိတ်ရှည်သီးခံနေကြရတာကြောင့် အခြားဘယ်ကိစ္စကိုမှ သီးခံနိုင်စွမ်း မရှိကြတော့ပါဘူး။ ဒါကြောင့်မို့ ကားအချင်းခြင်း ငြိကြပြီဆိုရင် ခြေပါလက်ပါတွေဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရုတ်နိုင်ငံ ချောင်းကွင်းမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တန်ဖိုးကြီး Porsche ပြိုင်ကားအနီရောင် မောင်းနှင်တဲ့ အမျိုးသမီးက ‘ဂ’ငယ်ကွေ့ ကွေ့ဖို့ ကြိုးစားရာမှာ အရှေ့မှာ တရုပ်နိုင်ငံထုတ် ‘ချယ်ရီ’ တံဆိပ် SUV ကားတစ်စီး ပိတ်နေခဲ့တဲ့အတွက် ဒေါသထွက်ပြီး ကားအပြင်ကို ထွက်လာကာ ချယ်ရီ ယာဉ်မောင်းကို လမ်းပေါ်ဆွဲချပြီး ပါးရိုက်ခဲ့ပါတယ်။ (ချယ်ရီ တံဆိပ်ဟာ တရုပ်ပြည်မှာ စျေးအသက်သာဆုံး ပြည်းတွင်းဖြစ်ကားဖြစ်ပါတယ်)
ယာဉ်မောင်းအမျိုးသားကလည်း အမျိုးသမီးရဲ့ ဦးခေါင်းကို ပြန်ရိုက်ခဲ့လို့ ဦးထုတ်တောင် လွှင့်ထွက်သွားတာကို ရုပ်သံမှာ တွေ့ရပါတယ်။ မျက်မြင်သက်သေများရဲ့ အဆိုအရ အမျိုးသားကို လမ်းမဖယ်ပေးလို့ အပြစ်တင်၊ ကျိမ်စာတွေ ဆက်တိုက် ပါးစပ်က တတွတ်တွတ်ရွတ်ပြီး တိုက်ခဲ့ပါတယ်၊ အဲဒီနောက် အမျိုးသားက တစ်ခွန်း ပြန်ပြောတဲ့အခါ ချက်ခြင်း မျက်နှာကို ဖြတ်ရိုက်လိုက်ပါတယ်၊ အမျိုးသားကလည်း မဆိုင်းမတွ ပြန်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးစလုံးကို ရဲစခန်းရောက်သွားခဲ့ပါတယ်။ “ဝတ်ထားစားထားတာက စုတ်တီးစုတ်ပြတ်၊ စီးတော့ သူတောင်းစားစီးတဲ့ကားနဲ့ လူပါးလာဝနေတယ်” လို့ ပြိုင်ကားပိုင်ရှင် အမျိုးသမီးက ပြဿနာဖြစ်နေတုန်းက ချိုးနှိမ်ပြောဆိုခဲ့တယ်လို့ ချယ်ရီ ယာဉ်မောင်းရဲ့ ဇနီးဖြစ်သူက ရဲစခန်းမှာ ပြောကြားခဲ့ပါတယ်။
ချောင်ကွင်းရဲစခန်းက အမျိုးသမီးကို လူကူးမျဉ်းကြာမှာ ‘ဂ’ငယ်ကွေ့ ကွေ့တဲ့အတွက် ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ငွေ တရုတ်ယွမ် ၂၅၀ ချမှတ်လိုက်ပါတယ်။ဒါ့အပြင် ကားမောင်းရင်း ဦးထုတ်ဆောင်းတဲ့အတွက် ယာဉ်မောင်းစည်းကမ်း မလိုက်နာမှုအတွက် အမှတ် ၂ မှတ် နှုတ်ခံလိုက်ရပါတယ်။
အဆိုပါရုပ်သံဟာ တရုတ်သတင်းမီဒီယာ ဝဘ်ဆိုက်မှာ ပျံ့နှံ့ခဲ့ပြီး အမျိုးသမီးကို ဝေဖန်ရေးသားတဲ့ ကွန်မန့်ပေါင်း သုံးသောင်းကျော် ရှိနေပါတယ်။ တစ်ယောက်က ဆိုရင် “ဒီမိန်းမ ဒီလောက်မောက်မာနေတာ ဘယ်လောက်ချမ်းသာလို့လဲ၊ ဘာအလုပ်လုပ်လဲ၊ မိဘဘက်ဂရောင်းကဘလဲ ဆိုတာ စုံစမ်းသင့်တယ်” လို့ အခြားသူတွေကို ဝေဖန် တိုက်တွန်းထားပါတယ်။