BEC-TERO TV

အောက်ခြေ သန့်ရှင်းရေးအလုပ်သမားဘဝမှ ကုမ္ပဏီကြီးရဲ့ CEO ဖြစ်လာသူ

29 Jul 2019     1,602 Views


နင်က ဘာမှသုံးစားလို့မရတဲ့ သန့်ရှင်းရေး အလုပ်သမားပဲ” လို့ ရည်းစားဟောင်းက ပြစ်ပြစ်နှစ်နှစ်ပြောဆိုပြီး ထားရစ်ခံခဲ့ရတဲ့ အောက်ခြေသန့်ရှင်းရေး အလုပ်သမားလေးဟာ ဒီနေ့မှာတော့ ဝန်ထမ်းပေါင်း ၃၀၀၀ ကျော် ခန့်ထားနိုင်တဲ့ စင်ကာပူနိုင်ငံ ကုမ္ပဏီကြီးတစ်ခုရဲ့  CEO ဖြစ်လာခဲ့ပါတယ်။
 
 
CEO တစ်ယောက်ဖြစ်လာခဲ့တဲ့ Mr Vernon Kweak (၄၈ နှစ်) ဟာ ငယ်ငယ်ထဲက ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့သူဖြစ်လို့  တက္ကသိုလ်ကပေးတဲ့ ဘွဲ့တွေရထားတဲ့ ပညာတတ် တစ်ယောက်လည်း မဟုတ်ပါဘူး။ 
 
သူ့အသက် ၁၄ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက အရောင်းဝန်ထမ်းအလုပ်ကနေ ပြုတ်လာခဲ့ပါတယ်။ အလုပ်ပြန်ရှာရာမှာတော့ သန့်ရှင်းရေးကြီးကြပ် အလုပ်ကိုသာ ပြန်ရခဲ့ပါတယ်။ Vernon က ကျောင်းပိတ်ရက်တွေမှာ ဖခင်နဲ့အတူလိုက်သွားပြီး ရုံးခန်းသန့်ရှင်းရေး၊ အိမ်သာဆေးတာကအစ အဆောက်အဦး အရွယ်စုံ မျိုးစုံတွေမှာ လိုက်ပြီးကူညီပေးပါတယ်။
 
တစ်ရက်မှာတော့ သန့်ရှင်းရေးကုမ္ပဏီက မန်နေဂျာတစ်ယောက်ရဲ့ လစာဟာ အင်ဂျင်နီယာကျောင်း ပြီးကာစ လူတစ်ယောက်ရတဲ့ လစာထက် သာနေတာကိုတွေ့ရတဲ့အခါ ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဖခင်တားနေတဲ့ကြားထဲကနေ ကျောင်းကို ဇွတ်ထွက်လိုက်ပါတယ်။ ဒီကိစ္စကြောင့် ဖအေနဲ့ အဆင်မပြေဖြစ်ကာ နှစ်လလောက် အိမ်ပြေးဖြစ်ခဲ့ပါတယ်။
 
နောက်ဆုံးမှာ ဖခင်က မင်းသဘောပဲလို့ ကြည်ဖြူခွင့်ပြုလိုက်ချိန် သူ့အသက် ၁၄ နှစ်မှာ လစာ စင်ကာပူဒေါ်လာ ၄၃၀ နဲ့ သန့်ရှင်းရေးကုမ္ပဏီမှာ အချိန်ပြည့်ဝန်ထမ်းအဖြစ် အလုပ်စဝင်ခဲ့ပါတယ်။ သူ့ရဲ့ အလုပ်ကြိုးစားမှု ပါးရေနပ်ရေရှိမှုတို့ကြောင့် မကြာခင်မှာပဲ ကြီးကြပ်ရေး ရာထူးတိုးပြီး လစာလည်း ဒေါ်လာ ၈၀၀ ရလာပါတယ်။
 
ကျွန်တော့် မန်နေဂျာကို ကျွန်တော်သေချာအောင်မေးကြည့်တယ်။ ကျွန်တော်အဖေတောင် သူ့အသက် ၄၀ ပြည့်မှ ကြီးကြပ်ရေးမှုးရာထူးရတာ ကျွန်တော်က အခုမှ ၁၄ နှစ်ပဲရှိသေးတယ် ဖြစ်ပါ့မလားလို့” ေမးတော့ သူက “မင်းကအသက်ငယ်ပေမယ့် မင်းအဖေဆီကနေ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ အမွေရထားတာဆိုတော့ ဖြစ်ပါတယ်ကွာ” လို့ ပြန်ပြောကြောင်း Vernon က ပြောပြပါတယ်။
 
နှစ်အနည်းငယ်အကြာမှာ ရာထူးတွေမြင့်လာပြီး လစာ ၁၁၀၀ ထိ ရလာခဲ့ပါတယ်။ အဲဒီနောက် စင်ကာပူနိုင်ငံရဲ့ ဥပဒေအတိုင်း အရွယ်ရောက်တဲ့ အမျိုးသားတိုင်း စစ်မှုထမ်းရတာကြောင့် အလုပ်က ထွက်လိုက်ပါတယ်။ ဒါပေမယ့်လည်း စစ်မှုထမ်းဖို့ သတ်မှတ်ရက်ကျော်လွန်သွားတာကြောင့် ဥပဒေအရ အပြစ်ပေးတာခံလိုက်ရပါတယ်။ တစ်ပြိုင်တည်းဆိုသလို သူ့ရဲ့ရည်းစာက သူ့ကို တက္ကသိုလ်ကျောင်သား ဘွဲ့ရမဟုတ်တဲ့အတွက် “နင်က သန့်ရှင်းရေးအလုပ်သမားပဲ၊ နင်နဲ့ဆက်တွဲနေလို့လည်း ငါ့အတွက် ဘာအနာဂါတ်မှ ရှိလာမှာမဟုတ်ဘူး” လို့ ဆိုကာ ထားရစ်ခဲ့ပါတယ်။ 
 
ရည်းစားဟောင်း ပြောခဲ့တဲ့စကားလုံးတွေက သူ့ကို အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ တွန်းပို့ခဲ့တယ်လို့ ဆိုပါတယ်။  “ဒီလိုပြောခံခဲ့ရလို့ သူ့ကို ကျွန်တော် ကျေးဇူတင်တယ်၊ ဒီလိုသာမဟုတ်ရင် ကျွန်တော်လည်း ဒီနေရာကို ရောက်မှာမဟုတ်ဘူး”
 
 
သူက အရင်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ လက်ခွဲ ကန်ထရိုက်တာအဖြစ် အလုပ်တွေ တစ်ဆင့်ပြန်လည်ခွဲယူလုပ်ကိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်မှာ သူ့ရဲ့ဝင်ငွေက တစ်လကို ဒေါ်လာ ၂၅,၀၀၀ ရှိပြီး BMW 318 ကားတောင် ဝယ်စီးနိုင်ခဲ့ပါတယ်။ 
 
ဒါပေမယ့်လည်း အပေါင်းအသင်းတွေနဲ့ အပျော်အပါးများပြီး တစ်ဖြည်းဖြည်းနဲ့ အလုပ်ဘက်မှာ လျှော့ရဲလာတာကြောင့် အပေါ်က ကုမ္ပဏီက သူ့ကို ဘာအလုပ်မှ ချမပေးတော့ပါဘူး၊ အဲဒီမှာတင် စီးပွားပျက်လာခဲ့ပါတယ်။ အသက် ၂၆ နှစ်မှာတော့ လူမွဲစာရင်းကြေညာခံခဲ့ရတဲ့ထိ တစ်ပြားမှကို မကျန်ပဲ အောက်ဆုံး အခြေနေကို ပြန်ရောက်သွားခဲ့ပါတယ်။
 
သူဌေးကနေ ခွေးဖြစ်သွားတဲ့ ဒဏ်ကို မျက်ရည်တွေနဲ့ လူလှိမ့်နေအောင် ၅ ရက်လောက် ငိုကြွေးပြီးတဲ့နောက် သူအလုပ်ပြန်ရှာခဲ့ပါတယ်။ တစ်လ ဒေါ်လာ ၂၅,၀၀၀ လောက် ဝင်ငွေရှိခဲ့တဲ့သူဟာ လစာ ဒေါ်လာ ၁၃၀၀ နဲ့ ဘဝပြန်စခဲ့ရပါတယ်။ 
 
နောက်ထပ် ၅ နှစ်အကြာမှာတော့ သူ့ရဲ့ဝင်ငွေဟာ သူလူမွဲစာရင်းမဝင်ခင်အချိန်က ဝင်ငွေထက် ၅ ဆလောက်ကောင်းနေပါတယ်။ ဒါပေမယ့် သူ့ရဲ့အောက်မှာ လက်ခွဲအဖြစ် လုပ်ကိုင်နေတဲ့ ကန်ထရိုက်တစ်ယောက်က တရားမဝင်နိုင်ငံခြားသား အလုပ်ခန့်ခဲ့တာနဲ့ပက်သက်ပြီး သူပါ အဖမ်းခံခဲ့ရပါတယ်။
 
၄ လ ထောင်နန်းစံခဲ့ရပေမယ့် အဲဒီအချိန်မှာ သူ့ရဲ့ကုမ္ပဏီကတော့ အလုပ်တွေဖြစ်နေဆဲပါ။ အဲဒီနောက် ကုမ္ပဏီအကြီးတစ်ခုကို ပြောင်းလဲလုပ်ကိုင်ပြီး ဆယ်နှစ်ကျော်ကြာတဲ့အခါမှာ CEO တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
 
လက်ရှိ သူ CEO အဖြစ် လုပ်ကိုင်နေတဲ့ Primech Service & Engineering ကုမ္ပဏီဟာ စင်ကာပူနိုင်ငံရဲ့ အကြီးဆုံး လုပ်ငန်းစုကုမ္ပဏီကြီးတွေဖြစ်တဲ့ ချန်ဂီလေဆိပ်၊ UOB နဲ့ ဇိမ်ခံဟိုတယ် ၂၅လုံးတို့အပါအဝင် အခြားကုမ္ပဏီတွေရဲ့ သန့်ရှင်းရေးနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကိစ္စအဝဝကို တာဝန်ယူထားရတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။
 
 
ရည်းစားဟောင်းကို ကျေးဇူးတင်နေတဲ့ Mr Vernon Kweak က အခုဆိုရင် သားသမီး ၄ ဦးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားသလို အောက်ခြေ သန့်ရှင်းရေးသမားလေးကနေ CEO တစ်ယောက်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

29 Jul 2019     1,602 Views




RELATED

Most Popular of Special or Others

Most Popular of NEWS