အကင်ပန်းကန်ထဲက အသားစိမ်း လှုပ်လာပြီး ထွက်ပြေးသွားတဲ့ ထိတ်လန့်စရာရုပ်သံ
26 Jul 2019 1,633 Views
လူအတော်များများ အကင်ဆိုင်ကို တစ်ခေါက်လောက်တော့ ရောက်ဖူးကြပါလိမ့်မယ်။ ကင်ဖို့ဆိုပြီး ပန်းကန်ပြားထဲထည့်ထားတဲ့ အသားတုံးက သင့်မျက်စိရှေ့တင် လှုပ်ရွလာပြီး လမ်းလျှောက်ကာ စားပွဲပေါ်ကနေ ဆင်းပြေးသွားရင် သင်ဘယ်လို ဖြစ်သွားမလဲ၊ ရှော့ခ်ရသွားမှာလား..?
ဒီလိုအဖြစ်မျိုးကိုတော့ ဘယ်သူမှ ကိုယ်တိုင်ကြုံဖူးကြလိမ့်မယ် မထင်ပါဘူး၊ ဒါပေမယ့် တစ်ကယ်ရှိပါတယ်။ လက်တလော အင်တာနက်ပေါ်မှာ လျှပ်စီးလက်သလို အကြီးအကျယ်ပျံ့နှံ့နေတဲ့ ရုပ်သံတစ်ခုက ကြည့်မိသူတိုင်း ထိတ်လန့်စွာနဲ့ WTF လို့ အသံထွက်ပြီး အော်ကြရတဲ့ထိ ကြောက်စရာကောင်းတာကိုတွေ့ရပါတယ်။
အာရှအကင်ဆိုင် တစ်ဆိုင်ကို ညနေစာစားဖို့ ရောက်သွားတဲ့ Rie Phillips ဆိုသူ အမျိုးသမီးဟာ သူ့အတွက် ကင်ပေးဖို့ပြင်ဆင်ထားတဲ့ အရေခွံချွတ်ထားပြီးသား ဖားတစ်ကောင်ရဲ့ အသားတုံး အပိုင်းတစ်ခုဟာ သူမရဲ့ မျက်စိရှေ့မှောက်မှာပဲ လှုပ်လာပြီး ပန်းကန်ပြားထဲကနေ ကုန်းထကာ စားပွဲပေါ်ကနေ တွားသွား ထွက်ပြေးသွားတာကို မထင်မှတ်ပဲ ထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။
ရုပ်သံကို ကြည်ရှုသူတိုင်းက အထူးအဆန်းဖြစ်ကာ ထိတ်လန့်ခဲ့ကြပါတယ်၊ ဒါပေမယ့် လူအတော်များများကတော့ ဒါဟာ လုပ်ကြံထားတဲ့ ရုပ်သံလို့ ဝေဖန်နေကြပြီး အသားတုံးကို ဆွဲချတဲ့ ကြိုးရှိမယ်လို့ ဝေဖန်ကာ ဗီဒီယိုကို သေချာစမ်းစစ်နေကြသူတွေလည်း ရှိပါတယ်။ ရုပ်သံအရ အသားတုံးဟာ ကြိုးနဲ့ဆွဲချဟန်မတူပဲ ကျွတ်တစ်ကောင် လမ်းသွားသလို သူ့ဟာသူ တွန့်ခေါက်ကုန်းထသွားတာကိုတွေ့ရပါတယ်။
ဒီရုပ်သံကြောင့် အသားငါးတွေကို လူတွေက ချက်ပြုတ်စားသောက်ကြတဲ့အခါ သူတို့အနေနဲ့ နာကျင်မှုကို ခံစားနေရတုန်းလား ဆိုတဲ့ မေးခွန်းမေးလာကြပါတယ်။ အဖြေကတော့ သူတို့တွေဟာ သေပြီးသားတွေ ဖြစ်တာကြောင့် နာကျင်မှု လုံးဝ မရှိတော့ပါဘူး။ ဒါဆိုရင် ဘာကြောင့် အခုလို လှုပ်ရှားရသလဲလို့ ထပ်မေးစရာရှိပြန်ပါတယ်။
ဖြစ်နိုင်ချေရှိတာက ဒီဗီဒီယိုကို မရိုက်မီမှာ ဖားအသားတုံးပေါ်ကို ဆားဖြူးလိုက်ဟန်ရှိတယ်လို့ ယူဆမိပါတယ်။ ဆားဟာ ဖားတွေရဲ့ ကြွက်သားတွေကို ခဏတစ်ဖြုတ်လှုပ်ရှားပြီး ဆန့်ငင်ဆန့်ငင် ဖြစ်အောင် နှိုးစွနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါပေမယ့် အရမ်း လတ်ဆတ်တဲ့ အသားဖြစ်ဖို့တော့ လိုပါတယ်။ ဖားကသေသွားပေမယ့် ကြွက်သားတွေထဲက ဆဲလ်တွေက မသေသေးလို့ တုံ့ပြန်တာဖြစ်ပါတယ်။
လူတွေမှာလည်း ဒီတိုင်းပါပဲ အသက်သေဆုံးပြီး တစ်ပတ်ဝန်းကျင်လောက်ထိ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ရှင်သန်နေနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးဟာ ငါးရှဉ့်၊ ပြည်ကြီးငါးတွေမှာလည်း တွေ့ရပါတယ်။
လက်ရှိမှာတော့ Rie Phillips ရဲ့ ရုပ်သံကို ပြန်လည်မျှဝေသူ နှစ်သိန်းကျော်နေပြီဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ရုပ်သံအပေါ် ရှုမြင်သုံးသပ်ချက်လေးလဲ ဝေမျှပေးခဲ့ပါဦး။