‘ဆောင်း’စုံတွဲ တရားဝင်ကွားရှင်းလိုက်ပေမယ့် ပိုင်ဆိုင်မှုများခွဲခြမ်းမည် မဟုတ်
24 Jul 2019 1,426 Views
တောင်ကိုရီးယားနိုင်ငံရဲ့ ဒရာမာစီးရီး အကျော်အမော်၊ မြန်မာရုပ်ရှင်ချစ်ပရိသတ်တို့ရဲ့ အသည်းစွဲ မင်းသမီး ‘ဆောင်းဟေကျို’ နဲ့ မင်းသား ‘ဆောင်းဂျွန်ကီ’ တို့နှစ်ဦး လင်မယားအဖြစ်မှ တရားဝင်ကွာရှင်းပြတ်စဲလိုက်ကြပြီဖြစ်ပေမယ့် သူတို့နှစ်ဦးရဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို ခွဲခြမ်းမည်မဟုတ်ပါ။
ဒါဟာသူတို့နှစ်ဦးကြားမှာ ချစ်သံယောဇဉ်တွေအပြင် အပြန်အလှန် ယုံကြည်မှုတွေ အခိုင်အမာ နှောင်ဖွဲ့နေဆဲဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
သူတို့နှစ်ဦးဟာ ယခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တရားရုံးမှာ တရားဝင်ကွားရှင်းခဲ့ကြပါတယ်။ ဒါပေမယ့်သူတို့နှစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဆိုးလ်မြို့က တန်ဖိုးကြီး အိမ်ခြံမြေတွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူသွားမှာ မဟုတ်ပဲ ဒီအတိုင်းလေးပဲ အတူတစ်ကွ ဆက်လက်ပိုင်ဆိုင်ထားကြဦးမှာဖြစ်ပါတယ်။
ပရိသတ်တွေအားလုံးက အရမ်းလိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် သူတို့နှစ်ဦးလုံးကို ချစ်ခင်အားပေးနေကြစဉ်မှာ ရုတ်တရက် ကွာရှင်းကြတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တဲ့အတွက် ပရိသတ်တွေ အံ့သြစွာနဲ့ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အဲဒီနောက် ချက်ခြင်းဆိုသလို အိမ်ထောင်ရေးဖောက်ပြန်လို့ဆိုတဲ့ ကောလဟာလသတင်းတွေကလည်း ဆက်တိုက် ထွက်ပေါ်လာတာကြောင့် သူတို့နှစ်ဦးရဲ့ အေဂျင်စီတွေက ဖြေရှင်းခဲ့ကြရပါသေးတယ်။
သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်မှာ Descendants of the Sun ဆိုတဲ့ ဇာတ်ကားရိုက်ရင်း ရိုက်ကွင်းပေါ်မှာ တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ဆိုးလ်မြို့မှာရှိတဲ့ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ သီးသန့်မင်္ဂလာပွဲလေးလုပ်ပြီး လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းလေးက ၂ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ အဆုံးသတ်ပြီး ကွာရှင်းပြတ်စဲကြတဲ့ထိ ဖြစ်ခဲ့ပါတယ်။
ဒီလို ကွာရှင်းကြတော့မယ်ဆိုတဲ့ သတင်းတွေ အပြင်ကို ပေါက်ကြားခဲ့ပြီးကတည်းက ‘ဆောင်းဂျွန်ကီ’ က ရုပ်ရှင်ရိုက်ကူးမှုတွေကို လက်မခံတော့ပဲ သူ့ကိုကမ်းလှမ်းလာတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကား Victory ကိုတောင် ရိုက်ကူးဖို့ ငြင်းပယ်လိုက်ပါတယ်။
လက်တလောမှာတော့ ‘ဆောင်းဟေကျို’ က ကုန်ပစ္စည်းအချို့ရဲ့ ပွဲအခမ်းအနားလေးတွေကို တက်နေပေမယ့် ရုပ်ရှင်ရိုက်ကူးမှုတွေကိုတော့ နားထားပါတယ်။
“လောလောဆယ် ကျွန်မ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့လိုနေပါတယ်” လို့ မိုနာကို မှာ ပြုလုပ်ခဲ့တဲ့ Chaumet ပွဲအခမ်းနားမှာ ပြောကြားခဲ့ပါတယ်။
ယခုနှစ်တစ်နှစ်လုံးစာ သူမလုပ်ဖို့ရှိနေတဲ့ အလုပ်စာရင်းမှာတော့ မဖြစ်မနေတက်ရမယ့် အချို့သော ဖက်ရှင်ပွဲလေးတွေ အတွက်သာ ချန်ထားပြီး သူမရဲ့အလုပ်ချိန်ဇယားကို ရှင်းလင်းထားကြောင်း သိရှိရပါတယ်။
(ပိုပိုလေး)