BEC-TERO TV

ကိုရီးယားနိုင်ငံရဲ့ သတင်းဌာနတွေမှာပါ ဖော်ပြခံနေရတဲ့ Victoria လေးရဲ့ သက်ငယ်မုဒိန်းမှု

09 Jul 2019     1,549 Views


ယခုလတ်တလောဖြစ်ပျက်နေတဲ့ သတင်းတွေထဲမှာ Victoria လေးရဲ့ သက်ငယ်မုဒိန်းမှုက လူစိတ်ဝင်စားမှုအမြင့်တက်ဆုံး သတင်းတစ်ပုဒ်ဖြစ်လို့နေပြီး အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာသာမက အပြင်လောကမှာပါ အရှိန်အဟုန်မြင့်ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက နေပြည်တော် Wisdom Hill private school မှာဖြစ်ပွားခဲ့တဲ့ Victoria လေးရဲ့သက်ငယ်မုဒိန်းမှုဟာ တရားခံကိုဖော်ထုတ်နိုင်ဖို့အတွက် လနဲ့ချီကြာမြင့်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက နည်းမျိုးစုံဖြင့်ရပ်တည်ဝန်းရံခဲ့ကြပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အများပြည်သူရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့် တာဝန်ရှိသူများကအင်တိုက်အားတိုက် အချိန်ယူစစ်ဆေးပြီးနောက်မှာ တရားခံကိုဖော်ထုတ်ကြေညာနိုင်ခဲ့ပေမယ့် လူထုတစ်ရပ်လုံးက ထိုတရားခံကို ကျေနပ်လက်ခံခြင်းမရှိကြသလို တရားခံအစားထိုးပြုလုပ်ထားတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေသာမြင့်တက်လာခဲ့ပါတယ်။ အသက် (၃) နှစ်အရွယ်ဝန်းကျင် Victoria လေးရဲ့သက်ငယ်မုဒိန်းမှုမှာ အမှန်တကယ်ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံအစစ်အမှန်ကို ဖမ်းဆီးဖော်ထုတ်ပေးဖို့နဲ့ Victoria လေးအတွက် တရားမျှတမှုရရန် တိုင်းဒေသအသီးသီးရှိ ပြည်သူတစ်ရပ်လုံးက လမ်းမပေါ်ထွက်ကာ ဆန္ဒပြမှုတွေကိုပါပြုလုပ်လာကြပြီဖြစ်ပါတယ်။

ထိုသို့ ပြည်သူတစ်ရပ်လုံးက ပါဝင်ပတ်သက်လာတဲ့ Victoria လေးရဲ့သက်ငယ်မုဒိန်းမှုဟာ မြန်မာနိုင်ငံမှာသာမက  အိမ်နီးချင်းနိုင်ငံတွေထိပါပြန့်နှံ့နေပြီး ယခုဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းဌာနတွေမှာပါ အကျယ်တဝင့်ဖော်ပြခံနေရပြီဖြစ်ပါတယ်။ ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ Victoria ရဲ့အကြောင်းကိုတော့ မရွှေမိုး-ကိုရီးယားဆိုတဲ့ အကောင့်ကနေ ဘာသာပြန်ဖော်ပြပေးထားတာဖြစ်ပါတယ်။

“(တောင်ကိုရီးယားမှာ Victoria သတင်းကိုတော့ ဒီလိုရေးကြပါတယ်။ အသေးစိတ်တော့သိကြပုံမရပါဘူး)… မြန်မာပြည်ကလေးထိန်းကျောင်းတစ်ခုမှာ ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်စော်ကားမှု (sexual assault ) ခံလိုက်ရပါတယ်။ တရားခံကို အတိအကျခန့်မှန်းဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ရဲတပ်ဖွဲ့ဟာ ၂ နှစ်အရွယ်ကလေးမလေးရဲ့ ထွက်ဆိုချက်ကိုပဲနားထောင်ရင်း အချိန်မှီလုပ်သင့်တာတွေ မလုပ်နိုင်ခဲ့ပါ။ 
 
ဒါကြောင့် ထောင်နဲ့ချီတဲ့မြန်မာပြည်သူပြည်သားတွေ မြို့လယ်ခေါင်မှာ အမှန်တရားစစ်ဆေးချက်တွေ ဖော်ထုတ်ပေးဖို့စတင်ဆန္ဒပြကုန်ကြပါပြီ။ သတင်းပေးချက်အရ ရန်ကုန်မြို့မှာ မြန်မာပြည်သူပြည်သား ၆၀၀၀ ကျော်ဟာ နိုင်ငံတော်ရဲတပ်ဖွဲ့ကိုဆန္ဒပြကြပါတယ်။ သူတို့ဟာ အဖြူရောင်အဝတ်အစားကိုဝတ်ထားကြပြီး သူတို့ကလေးတွေလုံခြုံရေးအတွက် ဆန္ဒပြနေကြတာဖြစ်တယ်။

"Justice to Victoria"

"We don't want another Victoria anymore."

လို့အော်ဟစ်နေကြပါတယ်။ ဒီအမှုဟာ ၅ လပိုင်း ၁၆ ရက်နေ့မှာ ၂ နှစ်အရွယ်ကလေးမလေးဆီမှာ ဖြစ်ခဲ့တာဖြစ်ပြီး မိခင်က ရဲတွေကိုတိုင်ကြားခဲ့ပါတယ်။ ၅ လပိုင်းမှာပဲ အသက် ၂၉ နှစ်အရွယ် သံသယရှိသူကိုဖမ်းခဲ့ပေမဲ့ သက်သေအထောက်အထား မခိုင်လုံလို့ပြန်လွှတ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေက "အဖမ်းခံရတဲ့သူဟာ မတရားလူစားထိုးခံရတာ" ဆိုပြီး အမှန်တရားကိုဖေါ်ထုတ်ဖို့ တောင်းဆိုနေကြပါတယ်။

ရဲထောက်လှမ်းရေးတွေဟာ အခု ၇ လပိုင်းအထိ တရားခံကိုမရှာနိုင်ဖြစ်နေပါတယ်။ ဒါကြောင့် သမီးလေးရဲ့ဖခင်ကိုစာနာပြီး လူမှုကွန်ယက်ကတဆင့် ပြည်သူတွေကစတင်ကူညီ ဝန်းရံပံ့ပိုးလာကြပါတယ်။ ရဲထောက်လှမ်းရေးတွေဟာ သက်သေအထောက်အထားမရှိလို့လွတ်လာတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားကို ထပ်ပြီးသံသယရှိတယ်ဆိုပြီး ဖမ်းဆီးပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားရေးက Nickey Diamond (Myanmar Human rights activist ) က ဒီအမှုအတွက် အထူးထောက်လှမ်းစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး အထူးစုံစမ်းစစ်ဆေးဖို့လိုတယ်လို့ အကြံပေးပါတယ်။ "ကလေးတွေကို ကာကွယ်စောင့်ရှောက်ရမှာ ကျုပ်တို့တာဝန်ဖြစ်တယ်။ ဒီအမှုမှာ သံသယဖြစ်စရာတွေက အများကြီး" လို့ပြောခဲ့ပါတယ်။ 
 
အသက် ၃၀ အရွယ် မြန်မာအမျိုးသားတစ်ယောက်ကတော့ "ကျွန်တော့်မှာလည်း သမီးလေးရှိတယ်။ ဒီနိုင်ငံမှာ ဒီလိုတွေထပ်မဖြစ်အောင် မျှော်လင့်ပါတယ်ဗျာ။ ကျွန်တော်တို့ တရားမျှတမှုကိုမျှော်လင့်ပါတယ်။ အပြစ်မရှိတဲ့သူကို ဖမ်းချုပ်အစားထိုးတာမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာထပ် မဖြစ်စေချင်ဘူး" ဆိုကာ ပြည်သူလူထုရဲ့ စကားသံတွေကိုပါ ထည့်သွင်းဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

ယခုအကြောင်းအရာပါ ထိုသတင်းကိုတော့ တောင်ကိုရီးယား YTN သတင်းဌာနက ဇူလိုင်လ (၇) ရက်နေ့က စတင်ကြေညာခဲ့တာဖြစ်ပြီး အခြားကိုရီးယားနိုင်ငံ သတင်းဝက်ဘ်ဆိုဒ်တွေမှာပါ Victoria ရဲ့သက်ငယ်မုဒိန်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြတာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အနုပညာရှင်များပါမကျန် ပြည်သူတစ်ရပ်လုံးက အင်တိုက်အားတိုက် ဝန်းရံပါဝင်နေကြတဲ့ Victoria လေးရဲ့အမှုဟာ ဘယ်လိုမျိုးဆက်ဖြစ်ဦးမလဲဆိုတာ မျက်ခြည်မပြတ် ဆက်လက်စောင့်ကြည့်ကြပါဦးစို့လား…
 
Source_မရွှေမိုး (ကိုရီးယား)
 
(ပိုပိုလေး)

09 Jul 2019     1,549 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS