ဘယ်ဂျီယံကွင်းလယ်လူကို ကလပ်စံချိန်တင် ပြောင်းရွေ့ ကြေးဖြင့် လက်စတာအသင်း ခေါ်ယူ
09 Jul 2019 1,480 Views

ပရီးမီးယားလိဂ်ကလပ် လက်စတာ စီးတီးဟာ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူအသုံးပြုခဲ့သော မိုနာကိုအသင်း ကွင်းလယ်ကစားသမား တီလေမန်းစ်ကို ပေါင် သန်း(၄၀) အသုံးပြုကာ အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။အဆိုပါ ပြောင်းရွေ့ ကြေးဟာ လက်စတာစီးတီးအသင်းအတွက် ကလပ်စံချိန်တင် ပြောင်းရွေ့ ကြေး အဖြစ်နဲ့လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ယခု ရာသီမှာ အပြောင်းအရွေ့ မှာ ခြေလမ်းတွေမြန်နေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာဟာ အင်္ဂလန်နောက်ခံလူ ဂျိမ်းစ်ဂျက်စတင်၊ နယူးကာဆယ်အသင်းမှ စပိန်တိုက်စစ်မှူး အယိုဇေပီရက်ဇ်တို့ကိုလည်း ခေါ်ယူထားခဲ့ပြီး ယခု တီလေးမန်စ်ကို ခေါ်ယူခဲ့တာကြောင့် စုစုပေါင်းအသုံးစရိတ်ပေါင်း သန်း (၇၀) အသုံးပြုပြီး ဖြစ်ပါတယ်။
အဆိုပါ ဘယ်ဂျီယံ ကွင်းလယ်လူဟာ “လက်စတာအသင်းနှင့် စာချုပ်ချုပ်ဆိုသည့်အတွက်ကြောင့် တစ်ကယ်ကို ကျေနပ်အားရမိပြီး အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရလို့  ဂုဏ်ယူမိကြောင်း ၊ အသင်းဖော်တွေကိုလည်း အကူအညီပေးဖို့ မစောင့်နိုင်အောင် ဖြစ်နေပြီး ဖြစ်ကြောင်း ” ပြောကြားခဲ့ပါတယ်။
အသက်၂၂ အရွယ် တီလေမန်းစ်ကို လက်စတာအသင်းက (၄) နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းမှာ ၁၃ ပွဲကစားခွင့်ရခဲ့ပြီး ၃ ဂိုးသွင်းကာ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။