BEC-TERO TV

Victoria ရဲ့အမှုနဲ့ပတ်သက်ပြီး ဖော်ထုတ်လိုက်တဲ့တရားခံကို အများကကျေနပ်လက်ခံခြင်းမရှိကြ

05 Jul 2019     1,608 Views


အွန်လိုင်းဆိုရှယ်မီဒီယာပေါ်မှာသာမက လက်တွေ့မှာပါ ပြည်သူတစ်ရပ်လုံးက အင်တိုက်အားတိုက် ဝန်းရံဆောင်ရွက်နေကြတဲ့ နေပြည်တော်ကသမီးလေး Victoria ရဲ့သက်ငယ်မုဒိန်းမှုမှာတော့ သံသယရှိသူတရားခံကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကဖြစ်ပွားခဲ့တဲ့ ထိုအမှုဟာတရားခံကိုဖမ်းမိဖို့အတွက် အချိန်တစ်လကျော်လောက်ကြာမြင့်ခဲ့ပြီးနောက်မှာတော့ တရားခံကိုထုတ်ဖော်ကြေညာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 
 
သမီးလေး Victoria အမှုရဲ့တရားခံဖြစ်သူကတော့ ကျောင်းကြီးကြပ်ရေးမှူးရဲ့ ကားဒရိုင်ဘာဖြစ်သူ အောင်ကျော်မျိုး(ခေါ်) အောင်ကြီးဖြစ်တယ်လို့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက မနေ့က ဇူလိုင်လ (၄) ရက်နေ့ကကြေညာခဲ့ပြီး  ဖမ်းဆီးဖို့အတွက်လည်း တရားရုံးမှာချုပ်မိန့်ရယူခဲ့တယ်လို့သိရပါတယ်။

ပြည်သူတစ်ရပ်လုံးက အမှုမှန်၊ တရားခံပေါ်ပေါက်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ Victoria လေးဘက်ကဝိုင်းဝန်းရပ်တည်ခဲ့ကြပေမယ့် တရားခံကိုရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့အခါမှာတော့ အများကလက်ခံကျေနပ်ခြင်းမရှိခဲ့ပါဘူး။ အဘယ့်ကြောင့်ဆိုသော် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက်သုံးနှစ်အရွယ်ဝန်းကျင် သမီးလေး Victoria ပြောကြားခဲ့သည့်စကားလုံးများနှင့် တရားခံဖြစ်သူမှာ ကိုက်ညီအပ်စပ်ခြင်းမရှိတာကြောင့် ဒရိုင်ဘာအောင်ကြီးမှာ တရားခံအစစ်အမှန်မဟုတ်နိုင်ကြောင်း ဝေဖန်သုံးသပ်ကာ ပြစ်မှုကျူးလွန်ခဲ့တဲ့တရားခံအစစ်အမှန်ကို ဖမ်းဆီးနိုင်ဖို့အတွက် ဆက်လက်ဝန်းရံနေကြဆဲဖြစ်ပါတယ်။

ထိုထဲတွင် သမီးလေး Victoria ရဲ့အမှုမှန်ပေါ်ပေါက်ဖို့ကို ရေဆုံးမြေဆုံးထိအစွမ်းကုန်လိုက်လံပါဝင်ဆောင်ရွက်နေတဲ့ အဆိုတော်လင်းလင်းမှလည်း တရားခံနဲ့ပတ်သက်ပြီးစိတ်ကျေနပ်မှုမရှိတာကြောင့် Victoria လေးရှိရာ နေပြည်တော်အထိသွားရောက်ကာ တရားခံအစစ်အမှန်ပေါ်ပေါက်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ 
 
ဒါ့အပြင် တရားခံဟုစွဲချက်တင်ခံထားရသူ ဒရိုင်ဘာအောင်ကြီးဟာ တရားခံအစစ်ဟုတ်မဟုတ်သိနိုင်ရန် နေပြည်တော်တရားရုံးထိ သွားရောက်ကြားနာမည်ဆိုတဲ့အကြောင်းနဲ့ Victoria လေးရဲ့အမှုမှာ ပြစ်မှုကျူးလွန်သူ တကယ့်တရားခံအစစ်မပေါ်ဘူးဆိုရင် ပြည်သူတရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်နေတယ်လို့ ဒဲ့ကိုပြောချလိုက်ပါတယ်။

အဆိုတော်လင်းလင်းက သူ့ရဲ့လူမှုကွန်ယက်မှာ “နေပြည်တော်ကိုရောက်ပါပြီ။ သေချာတာကိုပြောရမယ်ဆိုရင် ဗစ်တိုးရီးယားလေးရဲ့အမှုကို ကိုသက္က၊ သမီးလေးရဲ့ မေမေဖေဖေ၊ ကိုယ့်တာဝန်ကိုထမ်း တာဝန်သိမိတ်ဆွေအချို့နှင့် ကျွန်တော်အပြင် မွန်မြတ်တဲ့နှလုံးသားတစ်စုံ အရင်းခံပြီးပါဝင်ကြမယ့် ရှေ့နေကိုမျိုးဇော်ဦး၊ မရွက်နုတို့နဲ့အတူ တက်နိုင်တဲ့အား နိုင်တဲ့ဝန်နဲ့ ပြီးဆုံးတဲ့အထိလုပ်စရာရှိတာများကို တရားနည်းလမ်း ဥပဒေဘောင်အတွင်းမှ အတက်နိုင်ဆုံးရွက်လွှင့်ကြပါမယ်။ 
 
ဗစ်တိုးရီးယားလေးရဲ့ သက်ငယ်မုဒိန်းမှု တကယ်ဖြစ်ခဲ့တယ်။ တရားခံအစစ် တကယ်ရှိရမယ်။ တစ်ဦးထဲလား ?။ တစ်ဦးထက်ပိုလား ? လက်ရှိစွဲချက်တင်ခံထားရတဲ့သူဟာ အစစ်လား? ဒီအမှုတွင်ဖုံးကွယ်မှုများရှိလား? ရှိရင် ဘယ်လိုလူများနဲ့ ဘယ်လိုအသိုင်းအဝိုင်းလဲ? အဲဒီမေးခွန်းတွေအတွက် ဒီနေ့ နေပြည်တော်ကိုရောက်ပါတယ်။ ဗစ်တိုးရီးယားလေးရဲ့အမှုမပြီးမချင်း ကျွန်တော့် wall မှာဗစ်တိုးရီးယားလေးရဲ့အမှုနဲ့ ပတ်သတ်တာတွေပဲတင်သွားမှာပါ။

ဒီအတွက်လဲ ကျွန်တော့်ကိုမချီးကျူးပါနဲ့။ ကျွန်တော့်ကိုချီးကျူးထောပနာပြုတာထပ် ဒီအမှုအစကနေယခုထိ နည်းမျိုးစုံနဲ့စေတနာသန့်သန့်ပါဝင်ရပ်တည်ကြတဲ့ မိတ်ဆွေမိသားစုများကိုသာ ချီးကျူးစေချင်ပါတယ်။ ဒီအမှုကို ကိုယ်ထူကိုယ်ထဒီလိုပါဝင်ရတာဟာ ဘယ်သူ့ကိုမှအမုန်းတရားနဲ့ကြောင့်မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ငြိုးတေးမှုမရှိပါဘူး။ 
 
ဘယ်သူ့ကိုမှ အရှက်ခွဲလိုခြင်းမဟုတ်ပါဘူး။ ပါဝင်ရတဲ့အကြောင်းရင်ကတော့ တရားခံအစစ်မတွေ့ဘူး (သို့) တရားခံအစစ်မဟုတ်ဘူး (သို့) တရားခံအစစ်မပေါ်ဘူး ဆိုရင် ပြည်သူတရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ် ထင်လို့ပါ။ ယခုမှစပြီး အများသိသင့်တယ်ဟု ထင်သောအရာများကိုသာတင်ပါမည်။ အစွန်းများကိုဆင်ခြင်ရေးပါမည်။ အတက်နိုင်ဆုံးဒေါသကို ဖယ်ရေးပါမည်” ဆိုကာ Victoria ရဲ့အမှုနဲ့ပတ်သက်သမျှ ကြားသိရသမျှတွေကို ရေးတင်သွားမယ်လို့သိရပါတယ်။

လက်ရှိမှာ အမှုတရားခံဟုစွဲချက်တင်ခံထားရသူ အောင်ကြီး၏မိခင်နဲ့ ဖခင်ဖြစ်သူက မီဒီယာတွေကနေတစ်ဆင့် သားဖြစ်သူမှာပြစ်မှုကျူးလွန်သူတရားခံမဟုတ်ကြောင်း ရဲရဲဝံ့ဝံ့အာမခံပြောကြားသွားသလို မိခင်ဖြစ်သူဒေါ်ခင်ရီမှလည်း သိန်း(၅၀၀)ယူပြီး သားဖြစ်သူကို ထောင်ထဲထည့်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်းကို မျက်ရည်များစွာဖြင့် ငြင်းဆိုပြောကြားသွားခဲ့ပါတယ်။ တရားခံပေါ်ပေါက်လာခဲ့ပေမယ့် မကျေနပ်မှုတွေ၊ လက်မခံမှုတွေနဲ့သာပြည့်နေတဲ့ Victoria လေးရဲ့အမှုဟာ ဘယ်လိုမျိုးရှေ့ဆက်ဖြစ်ပျက်ဦးမလဲဆိုတာတော့ မျက်ခြေမပြတ်စောင့်ကြည့်ကြပါဦးစို့လား…

 

 

(ပိုပိုေလး)


05 Jul 2019     1,608 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS