စမတ်ဖုန်းကြောင့် ၁၃ နှစ်ကလေး အကြောသေကာ စိတ်ပိုင်းဆိုင်ရာချို့ယွင်း
04 Jul 2019 1,549 Views
ဆယ်ကျော်သက် လူငယ်တွေကြားမှာ စမတ်ဖုန်းကို အလွန်အကျွံစွဲလန်းတဲ့ပြဿနာဟာ တစ်နေ့တစ်ခြား ကြီးထွားလာပါတယ်။ လူငယ်တွေရဲ့ စမတ်ဖုန်းသုံးစွဲမှုကို မိဘအုပ်ထိန်းသူတွေအနေနဲ့ မထိန်းချုပ်ဘူးဆိုရင်တော့ သူတို့ရဲ့ အမြင်အာရုံပြဿနာ၊ ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေအပြင် စိတ်ရောဂါ ဝေဒနာတွေကိုပါ ရင်ဆိုင်ကြရဖို့ရှိနေပါတယ်။
တရုတ်နိုင်ငံ ကျီဂျန်းစီရင်စုက အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးဟာ သူငယ်စဉ်ကလေးဘဝထဲက မိဘတွေက ငြိမ်နေရင်ပြီးရောဆိုပြီး စမတ်ဖုန်းကို စတင်ပေးသုံးခဲ့ပါတယ်။ အလုပ်များလေ့ရှိတဲ့ သူ့ရဲ့မိဘနှစ်ပါးက သူ့အတွက် ဖုန်းတစ်လုံးဝယ်ပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ရာက ကလေးဟာ နေ့ရောညပါ မရပ်မနား စမတ်ဖုန်းသုံးရင်းနဲ့ အချိန်ကုန်ခဲ့ပါတယ်။ ဒီအကျင့်ဟာ အခုသူ့အသက် ၁၃ နှစ်အရွယ်ရောက်တဲ့အထိပါပဲ။
လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကလေးရဲ့ အပြုအမူတွေဟာ မူမှန်တော့ပါဘူး၊ တစ်ရက်တော့ကျောင်းမှာ သူ့ရဲ့ဦးခေါင်းနဲ့ စာသင်ခန်းနံရံကို အဆက်မပြတ်ဆောင့်နေတာကို တွေ့ရပါတယ်။ ဆရာမက တားပေမယ့် လုံးဝမရပ်ပဲ ဆက်လုပ်နေတာကြောင့် ထိတ်လန့်ပြီး ကလေးရဲ့ မိဘတွေကို ချက်ခြင်းအကြောင်းကြားခဲ့ပါတယ်။ သူ့မိခင်ရောက်လာတော့မှ အခြေအနေက ပိုပြီးဆိုးလာပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေပြီး မျက်နှာမှာလည်း အကြောလိုက်သလို တွန့်လိမ်ပြီး စကားမေးမရတော့တဲ့အတွက် ချက်ခြင်း ဆေးရုံတင်ခဲ့ရပါတယ်။ ဆေးရုံပေါ်မှာ ၂၈ ရက်ကြာကုသခဲ့ပေမယ့် အခြေအနေ တိုးတက်မလာပဲ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခဲ့ပါတယ်။
အခုဆိုရင် ၁၃ နှစ်သားလေးဟာ လေးဘက်သွားကလေးတစ်ယောက်လိုပဲ လမ်းလဲမလျှောက်နိုင်၊ စကားလဲမပြောနိုင်တော့သလို့ သူ့ကိုယ်သူလည်း မထိန်းကျောင်းနိုင်တော့ပါဘူး။ အာရုံကြောအထူးကုတွေနဲ့ ကုသပေမယ့်လည်း အခြေနေ တိုးတက်လားခြင်းမရှိပါဘူး။
ဆရာဝန်တွေဟာ ကလေးရဲ့တစ်ကိုယ်လုံးကို သေချာစစ်ဆေးလေ့လာသလို ယခင်က ဆေးမှတ်တမ်းဟောင်းတွေကို ပြန်ကြည့်ခဲ့ပါတယ်။ အရင်တုန်းကလည်း ကလေးဟာ အာရုံကြောဆိုင်ရာ ကိုယ်ခံအားနည်းတဲ့ ရောဂါကြောင့် ကုသမှုခံယူခဲ့ရဖူးပါတယ်။
ရောဂါအကြောင်းရင်း ဇစ်မြစ်ကို သိရှိပြီး ပုံစံပြောင်းလဲကုသခဲ့ရာမှာတော့ အခြေအနေပြန်လည် ကောင်းမွန်လာပါတယ်။ ကုသမှုခံယူပြီး ၄ ရက်လောက်အကြာမှာ စကားပြန်ပြောနိုင်လာပါတယ်။ ၁၂ ရက်အကြာမှာတော့ မိဘတွေကိုပါ ပြန်မှတ်မိသွားပါတယ်။ အဲဒီနောက် မကြာမီမှာပဲ ဆေးရုံကနေ အကောင်းအတိုင်း ပြန်ဆင်းနိုင်ခဲ့ပါတယ်။
ကလေးအခုလို ဖြစ်ရတာဟာ စမတ်ဖုန်းကို ဉာဉ့်နက်သန်းခေါင်ထိ အတိုင်းအဆမရှိ သုံးပြီး အနားယူချိန်နည်းပါးတာကြောင့် သူ့ရဲ့ကိုယ်ခံအားစနစ် တစ်ဖြည်းဖြည်း အားနည်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို စမတ်ဖုန်းပေးသုံးရာမှာ အချိန်ကန့်သတ် စည်းကမ်းထားပြီးမှ ပေးသုံးသင့်ကြောင်း ဆရာဝန်က အကြံပြုတိုက်တွန်းထားပါတယ်။
source - oriental daily