ရုပ်ရှင်ရိုက်ကူးရာမှာ နာမည်တစ်လုံးကြောင့် အခက်အခဲတွေဖြစ်ခဲ့ရတဲ့ ဖြိုးငွေစိုး
03 Jul 2019 1,793 Views
အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်အဖြစ်ရပ်တည်နေတဲ့ မင်းသားချောဖြိုးငွေစိုးကတော့ အရပ်အမောင်းကောင်းကောင်းနဲ့ ယောကျာ်းပီသတဲ့သွင်ပြင်လက္ခဏာတို့ကြောင့် ပရိသတ်ရဲ့လက်ခံအားပေးမှုတွေကို ရရှိထားပြီးသားဖြစ်ပါတယ်။ ဗီဒီယိုခေတ်အခါတုန်းက သူ့ဇတ်ကားတော်တော်များများဟာ ပရိသတ်တွေကြားထိုးဖောက်နေရာယူနိုင်ခဲ့ပေမယ့် ဖြိုးငွေစိုးကတော့ ရုပ်ရှင်ပိတ်ကားတွေထက်ကနေ ခဏတာပျောက်သွားခဲ့ပါသေးတယ်။ ယခုချိန်မှာတော့ သူပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်တွေက ဆက်တိုက်ဆိုသလို ရုံတင်ပြသလာတာကိုတွေ့မြင်ရမှာပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
မကြာခင်ကရုံတင်ပြသခဲ့တဲ့ ဧည့်သည်ရုပ်ရှင်ကားမှာလည်း ပရိသတ်ရဲ့အားပေးမှုတွေကိုရရှိခဲ့ပြီး ယခုလည်း သူပါဝင်ထားတဲ့ “အနန္တ” ဆိုတဲ့သိပ္ပံရုပ်ရှင်ကားကြီးကလည်း ရုံတင်ပြသနေပြီးဖြစ်ပါတယ်။ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသိပ္ပံရုပ်ရှင်ကားဖြစ်တဲ့ “အနန္တ” ဇာတ်ကားကိုရိုက်ကူးခဲ့စဉ်က နာမည်တစ်လုံးကြောင့် ဒုက္ခရောက်ခဲ့ပုံကို ဖြိုးငွေစိုးကပြန်ပြောပြခဲ့ပါတယ်။
ဘ၀မှာပထမဆုံး သိပ္ပံဇာတ်ကားရိုက်ရတဲ့ ခံစားမှုနဲ့အတွေ့အကြုံကို “လုပ်နေကြ ရိုက်နေကြမဟုတ်ဘူး။ ကိုယ်မရောက်ဖူးတဲ့နေရာတစ်ခု၊ ကိုယ်မတွေ့ဖူး မကြားဖူးတဲ့အရာတွေကို သရုပ်ဆောင်ရတာတွေပါတယ်။ တစ်ခြားဂြိုလ်ပေါ်ရောက်နေတယ်ဆိုတာမျိုးတွေပေါ့၊ ဒါတွေကိုရုပ်ရှင်ထဲမှာပဲ ကြည့်ဖူးတာဆိုတော့ ကိုယ်သရုပ်ဆောင်နေတာတွေက မှန်ရဲ့လား၊ မှားလားဆိုပြီး ဆုံးဖြတ်ရတဲ့စိတ်ဖိစီးမှုတွေတော့ရှိတယ်။ ရိုက်တုန်းက ပျော်လည်းပျော်တယ်၊ စိတ်တထင့်ထင့်နဲ့လည်း ရိုက်ခဲ့ရတာ။ ပင်ပန်းပေမယ့် အတွေ့အကြုံသစ်တော့ ရပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် နာမည်တစ်လုံးကြောင့် ရုပ်ရှင်ရိုက်ကူးမှုတစ်လျှောက် အခက်အခဲဖြစ်ခဲ့ရပုံကို “ဒီကားထဲမှာ ကျွန်တော်ကတစ်ယောက်ထဲနေတာဆိုတော့ အိမ်မှာအဖော်အနေနဲ့စက်ရုပ်လေးတစ်ရုပ်ရှိတယ်။ အဲစက်ရုပ်ကို ဇင်ဇင်လို့နာမည်ပေးထားတယ်။ Rehearsal လုပ်တဲ့နေ့ကြတော့ စက်ရုပ်မရသေးတော့ စက်ရုပ်နေရာမှာ နမူနာအမှိုက်ပုံးလေးထားတယ်။ အော်ငါ့မိန်းမလည်းခုမှအမှိုက်ပုံးဖြစ်သွားတော့တယ်ပေါ့။ တစ်ကားလုံးမှာ စက်ရုပ်ကဇင်ဇင်ဆိုတော့ လုပ်ရမယ့်အိုင်တင်အရ ဆဲဆိုပြီးတော့ ကန်လိုက်တာတွေ၊ တွန်းလိုက်တာတွေလုပ်ချင်တာတောင် နာမည်ကဇင်ဇင်ဆိုတော့ လုပ်ရခက်သွားပြန်ရော။ တစ်ကားလုံးမှာ အဲ့တစ်ခုကတိုင်ပတ်ခဲ့တာ” ဆိုပြီးပြောပြသွားပါတယ်။
ပရိသတ်ကြီးရေ ဖြိုးငွေစိုးကတော့ မိန်းမဖြစ်သူရဲ့နာမည်နဲ့ ဆင်တူနေတဲ့ ဇင်ဇင်ဆိုတဲ့စက်ရုပ်လေးကြောင့် “အနန္တ” ရုပ်ရှင်ရိုက်ကူးရာမှာ အခက်အခဲအနည်းငယ်ဖြစ်ခဲ့ရပြီး လူကိုမဆိုထားနှင့် ဇနီးဖြစ်သူရဲ့နာမည်လေးတစ်လုံးကိုတောင် တန်ဖိုးထားကြောင်းပေါ်လွင်နေပါတယ်။ ဖြိုးငွေစိုးရဲ့ဇနီးဖြစ်သူဟာလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သားလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုကမ္ဘာလေးကို တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။
စိတ်လှုပ်ရှားစရာတွေအပြည့်၊ အခက်အခဲတွေအပြည့်နဲ့ ရိုက်ကူးထာတဲ့ မြန်မာပြည်ရဲ့ပထမဦးဆုံးသော သိပ္ပံရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးလိုက်ကြပါဦးနော်…