BEC-TERO TV

တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာရဲ့ လူမဆန်တဲ့လုပ်ရပ် (ရုပ်သံ)

03 Jul 2019     1,594 Views


နေရာပေါင်းစုံက လာရောက်စွန့်ပစ်တဲ့ တိရိစ္ဆာန်လေးများကို စောင့်ရှောက်ရေးဂေဟာဖွင့်ပြီး  စောင့်ရှောက်ပေးရတဲ့ အလုပ်က မလွယ်ပါဘူး။ တိရိစ္ဆာန်လေးတွေအပေါ် ကိုယ်တိုင်က စိတ်ရောလူရောနှစ်ပြီး အမှန်တကယ်ချစ်ခင်မှသာ လုပ်လို့ရနိုင်တဲ့ ပရဟတိအလုပ်မျိုးပါ။
 
ဒါပေမယ့် ဒီလိုဂေဟာတွေ အများစုဟာ စုပေါင်းလှူဒါန်းသူတွေရဲ့ အလှူငွေနဲ့ ရပ်တည်နေကြတာမို့ ယေဘုယျအားဖြင့် လစဉ်ဝင်ငွေတွေရှိနေတတ်ပါတယ်။ ဒီအကွက်ကို အသုံးချပြီး ဟန်ပြ တိရိစ္ဆာန်စောင့်ရှောက်ရေး (ကြောင်)ဂေဟာဖွင့်ကာ အလှုငွေတွေအကုန်လုံး အိတ်ထဲထည့်ပြီး ကြောင်လေးတွေကို လှောင်အိမ်ထဲမှာ အစာရေစာပြတ်ပြီး သေတဲ့ထိ ပစ်ထားခဲ့တဲ့ ဂေဟာပိုင်ရှင်ရဲ့ လုပ်ရပ်ကတော့ ရက်စက်လွန်းပါတယ်။
 
မလေးရှားနိုင်ငံ ကိုတာကင်နာဘာလူး ပြည်နယ် ‘တူရန်း’ မြို့မှာ ဖွင့်ထားတဲ့ ကြောင်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာကို “တိရိစ္ဆာန်ချစ်သူများနဲ့ ကယ်တင်သူများ” အဖွဲ့ Animal Lovers Independent Rescuer (ALIR) က သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာမှာ ထိတ်လန့်ခြောက်ခြားစရာ ဂေဟာပိုင်ရှင်ရဲ့ အကြင်နာမဲ့တဲ့ လုပ်ရပ်တွေကိုတွေ့ခဲ့ရပါတယ်။
 
 
သနားစရာကောင်းတဲ့ ကြောင်လေးတွေဟာ လှောင်အိမ်ထဲမှာ သေနေပြီး အချို့ဆိုရင် အရိုးတောင်ဆွေးနေတာတွေ စိတ်မကောင်းစရာတွေ့ခဲ့ကြရပါတယ်။ ကြောင်အကောင်ရေ ၁၅၀ ခန့်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂေဟာမှာ ဆာလောင်မွတ်သိပ်နေပြီး အသက်မသေသေးပဲ ချိနဲ့ဆင်းရဲနေရှာတဲ့ ကြောင် အကောင် ၅၀ ကိုတော့ ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ ဂေဟာရဲ့ ပရဝုဏ်တစ်ခုလုံးဟာ ထိန်းသိမ်းမှု့ကင်းမဲ့နေတာကြာပြီဖြစ်လို့ အတော်ကြီးကို ယိုယွင်းပျက်ဆီး စုတ်ပြတ်သတ်နေပါတယ်။ 
 
 
အဆိုးဆုံးကတော့ ဂေဟာတည်ထောင်သူ Melissa ဟာ အွန်လိုင်းပေါ်မှတစ်ဆင့် လစဉ်လတိုင်း အလှူငွေတွေကို ကောက်ခံနေတယ်ဆိုတာပါပဲ။ ဂေဟာကို သွားရောက်ကြည့်ရှုခဲ့တဲ့ အခြေအနေအရ Melissa ဟာ အလှူငွေတွေကို ကြောင်လေးတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ လုံးဝ အသုံးမပြုပဲ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
 
 
ဒါကြောင့်မို့ ဂေဟာပိုင်ရှင်ဖြစ်တဲ့ Melissa ကို တိရိစ္ဆာန်ချစ်သူများအဖွဲ့(ALIR)က ရဲတိုင်ကြားကာ အမှုဖွင့်ထားပါတယ်။ လတ်တလောမှာတော့ Melissa က တိမ်းရှောင်နေပြီး ရဲတွေက တာဝန်ပျက်ကွက်မှုနဲ့ အရေးယူနိုင်ရန် ခြေရာခ့ရှာဖွေနေဆဲဖြစ်ပါတယ်။
 
 
ဒါကြောင့်မို့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေကို အမြဲတမ်းလှူဒါန်းနေကြသူတွေအနေနဲ့ အရမ်းကာရော လှူဒါန်းတာမျိုးမဟုတ်ပဲ တိရိစ္ဆာန်တွေအပေါ် သူတို့ရဲ့ ထိန်းသိမ်းစောက်ရှောက်မှု နောက်ဆုံးအခြေနေတွေကို အမြဲမပြတ် စောင့်ကြည့်လေ့လာသင့်ပါတယ်။ ရုပ်သံကတော့ သနားစရာကြောင်လေးတွေ ဘယ်လို ပစ်ထားခံခဲ့ရလဲ ဆိုတာကို ALIR အဖွဲ့က တင်ပြထားတာပဲဖြစ်ပါတယ်။
 

03 Jul 2019     1,594 Views




RELATED

Most Popular of Special or Others

Most Popular of NEWS