BEC-TERO TV

သက်ငယ်မုဒိန်းနဲ့ပတ်သက်ပြီး လျော့ရဲနေတဲ့တရားဥပဒေကို မမမြပြောပြီ

01 Jul 2019     1,559 Views


မီးသတ်ဌာနနားခဏတာယာဉ်ရပ်နားရာမှ မီးသတ်ဝန်ထမ်းများနဲ့ အခြေအတင်ပြဿနာဖြစ်မှုကို အွန်လိုင်းပေါ် Live လွှင့်ပြောဆိုခဲ့ရာမှ လူသိများတဲ့ဆယ်လီတစ်ဦးဖြစ်လာသူ ဒေါက်တာမြ၀တ်ရည်ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူလည်းဖြစ်ပါတယ်။ အမှန်တရားရဖို့အတွက် အွန်လိုင်းပေါ်ကနေ Live လွှင့်ရင်း ပြဿနာတွေကိုဖြေရှင်းလေ့ရှိတာကြောင့် တော်တော်များများရဲ့ပြောဆိုဝေဖန်မှုတွေကို အတိုင်းအဆမရှိခံခဲ့ရသလို သူမဘက်ကနေရပ်တည်အားပေးသူတွေလည်း ရှိခဲ့ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ပညာတတ်ဆန်တဲ့ သူမရဲ့ပြောဆိုမှုတွေနဲ့ သူမရဲ့စိတ်ဓာတ်အခြေခံကို သိမြင်နားလည်လာတာကြောင့် ယခုနောက်ပိုင်း ဒေါက်တာမြ၀တ်ရည်ဘက်ကနေ ရပ်တည်သူတွေပိုမိုများပြားလာခဲ့ပါတယ်။ မမမြလို့ချစ်စနိုးခေါ်ကြတဲ့ ဒေါက်တာမြ၀တ်ရည်ကတော့ အမှန်တရားရဲ့ဘက်တော်သားပီပီ လူမှုကွန်ယက်ပေါ်မှာဖြစ်ပျက်နေတဲ့ သက်ငယ်မုဒိန်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြောဆိုလိုက်ပြန်ပါပြီ။

လတ်တလောမှာတော့ နေပြည်တော်ရှိ Wisdom Hill Private school မှာဖြစ်ပွားခဲ့တဲ့ သမီးငယ်လေး Victoria ရဲ့သက်ငယ်မုဒိန်းကိစ္စကြောင့် ဆိုရှယ်မီဒီယာတစ်ခွင် အုတ်အော်သောင်းနင်းဖြစ်နေသလို လူထုပရိသတ်တွေသာမက အနုပညာရှင်များနဲ့ Social Influencer တွေကပါ အမှန်တရားပေါ်ပေါက်ဖို့အတွက် သမီးငယ်လေး Victoria ဘက်ကနေရပ်တည်နေကြတာဖြစ်ပါတယ်။ ထိုအမှုကဖြစ်ပွားခဲ့တာ ၁ လကျော်ကြာမြင့်ပြီဖြစ်ပေမယ့် တရားခံနဲ့ပတ်သက်ပြီး တိတိကျကျသတင်းထုတ်ပြန်ကာ အရေးယူနိုင်ခြင်းမရှိသေးတာကြောင့် အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ ထိုသို့သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံရဲ့တရားဥပဒေရေးကိုတော့ ဒေါက်တာမြ၀တ်ရည်က အင်တာဗျူးတစ်ခုကနေ ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြ၀တ်ရည်က “သမီးလေး Victoria ကိစ္စကတော့ သက်ငယ်မုဒိန်းမှုပေါ့။ သက်ငယ်မုဒိန်းမှုပဲဖြစ်ဖြစ် အရွယ်မရွေးဖြစ်တဲ့မုဒိန်းမှုပဲဖြစ်ဖြစ် မှုဒိန်းမှုဆိုတာကို တားဆီးစေချင်တယ်။ ဥပဒေမှာ ဥပဒေပညာရှိတွေက လူတွေကိုထိန်းချုပ်တာ အကြောက်တရားနဲ့မထိန်းချုပ်ဘူး၊ အသိတရားနဲ့ထိန်းချုပ်မယ်ဆိုပြီးတော့ ဥပဒေက နည်းနည်းလေးလျော့တိလျော့ရဲ ဖြစ်နေတယ်။ ရှင်းရှင်းပြောရင် တရားရုံးမှာအမှုတစ်ခုဖြစ်တယ်ဆိုတာက တရားခံနဲ့ တရားလိုအမှုဖြစ်တာက တကယ်ကြီးလည်းသေချာနေတယ်၊ သက်သေတွေလည်းရထားပြီးသား။ ဒါပေမယ့် တရားသူကြီးနဲ့ ရှေ့နေတို့ဆိုတာ အခင်းဖြစ်တဲ့အချိန်မှာရှိနေတဲ့သူတွေ မဟုတ်ဘူး။ ဆိုတော့ အခင်းဖြစ်ချိန်မှာ ရှိမနေတဲ့လူတွေကို သူမှန်တယ် ကိုယ်မှန်တယ်ငြင်းနေရတာ။ သက်သေတွေ ဘယ်လောက်ခိုင်လုံခိုင်လုံ အဲ့လိုငြင်းနေရတာဆိုတော့ အချိန်တွေကြာတယ်။ တစ်ခါတစ်ရံကျရင် အမှန်တရားကတိမ်မြုပ်သွားတာတွေ အများကြီးရှိတယ်။ အဲ့တာလေးတွေကို ထိထိရောက်ရောက်လုပ်သင့်တယ်။ အသိတရားနဲ့သာထိန်းချုပ်ပြီး ဥပဒေကိုဒီအတိုင်းပဲဆက်လုပ်နေမယ်ဆိုရင် ဒီသက်ငယ်မုဒိန်းဟာဆက်ပြီးဖြစ်ပွားနေဦးမှာပဲ”ဆိုကာ လျော့ရဲနေတဲ့ မြန်မာနိုင်ငံရဲ့ဥပဒေအပေါ်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြသွားပါတယ်။

ဒါ့အပြင် မုဒိန်းမှုတွေနဲ့ပတ်သက်ပြီး “အရင်တုန်းက အမတို့သိထားတာ ကျူးကျော်ရပ်ကွက်က ပိုက်ဆံမရှိတဲ့ကလေးတွေ၊ ကိုယ့်ကလေးကိုအိမ်မှာ သူများနဲ့ထားခဲ့ရတဲ့သူတွေပဲ ကျူးလွန်နေတာ။ အခုဆိုရင်ပိုက်ဆံချမ်းသာမှ၊ ကိုယ့်မိဘကအနေအထားတစ်ခုရှိမှ ထားနိုင်တာဆိုတဲ့ Private နိုင်ငံခြားလိုကျောင်းမျိုးတွေမှာတောင်မှပဲ ဒီလိုမုဒိန်းမှုတွေရှိတယ်ဆိုရင်တော့ ကျန်တဲ့မရှိဆင်းရဲသားတွေအတွက်ကတော့ တွေးကြည့်စရာကိုမရှိတော့ဘူး။ ဒါ့ကြောင့်လူတိုင်း ကိုယ့်မှာသားသမီးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ့်သားသမီးသာဆိုရင်ဆိုတဲ့ အနေအထားမျိုးတွေနဲ့ ၀ိုင်းပြီးပြောပေးဖို့လိုတယ်၊ ၀န်းရံပေးဖို့လိုတယ်၊ တိုက်တွန်းပေးဖို့လိုတယ်။ ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုလို့ပြောရင် အစ်မရဲ့အသွေးအသားထဲကကို Allergic ဖြစ်လာတာ။ ကိုယ့်စိတ်တိုင်းကျဆိုရင် အဲ့မုဒိန်းလုပ်တဲ့လူယုတ်မာတွေအကုန်လုံးကို တန်းစီပြီးသတ်ပစ်လိုက်ချင်တာ” ဆိုပြီး မုဒိန်းသမားတွေအပေါ်ထားရှိတဲ့ သူမရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာမြ၀တ်ရည်ကတော့ သမီးလေး Victoria ဘက်ကနေ အပြည့်အ၀ရပ်တည်ဝန်းရံသလို သက်ငယ်မုဒိန်းကိစ္စနဲ့ပတ်သက်ပြီး Live လွှင့်ပြောဆိုမှုတွေလည်းလုပ်သွားမယ်လို့ သိရပါတယ်။

 

Source_CeleGabar

(ပိုပိုလေး)


01 Jul 2019     1,559 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS