BEC-TERO TV

ကလေးငယ်များအပါအဝင် မြန်မာ အယောက် ၂၀ ဂိုဒေါင်ထဲတွင် ပိတ်လှောင်ခံထားရ

01 Jul 2019     1,515 Views


ကလေးငယ်များအပါအဝင် လူကုန်ကူးခံထားရသော မြန်မာလူမျိုး ၂၀ ဦးဟာ ထိုင်းနှင့် မလေးရှားနပ်စပ် ဆောင်ခလာပြည်နယ်ရှိ ဂိုဒေါင်တစ်လုံးထဲတွင် ပိတ်လှောင်ခံထားရကာ ဆာလောင်မွတ်သိပ်လျှက် အခြေအနေနဲ့  ဇွန်လ ၂၉ ရက်နေ့ ညတွင် ရဲများက ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။
 
အဆိုပါဂိုဒေါင်ဟာ စွန့်ပစ်ဂိုဒေါင်ဟောင်းတစ်လုံးဖြစ်ပြီး အနီးနားပတ်ဝန်းကျင်တွေ နေထိုင်ကြသူများက ကလေးငိုသံများကို ရက်အတော်ကြာ မကြာခဏ ဆက်တိုက်ကြားခဲ့ရပြီးနောက် မသင်္ကာဖြစ်ပြီး ရဲကို အကြောင်းကြားခဲ့ရာမှ လူကုန်ကူးခံထားရသူများကို ထိုင်းရဲအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
“ကျွန်တော်တို့ ရောက်သွားချိန်မှာ ဂိုဒေါင်ကြီးကို သော့တွေအထပ်ထပ်ခပ်ထားတယ်၊ အထဲက အမျိုးသမီးနဲ့ ကလေးတွေ ငိုနေသံတွေကို အပြင်ကနေကြားရတယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ ဦးဆောင်သူ ရဲချုပ် ‘ဆူချတ်သီရာဆာဝပ်’ က ဆိုပါတယ်။
 
ဂိုဒေါင်သော့တွေကို ဖျက်ခဲ့ကြပြီးနောက် ပြတင်းပေါက်မရှိ၊ လျှပ်စစ်မီးမရှိ မှောင်မဲနေတဲ့ အခန်းထဲမှာ လူ အယောက် ၂၀ လောက် ထိုင်နေကြတာကို တွေ့ခဲ့ရပါတယ်။ သူတို့တွေထဲမှာ ကလေး ၅ ယောက် ပါဝင်ပြီး အငယ်ဆုံးကလေးက အသက် ၂ နှစ်ပဲရှိပါသေးတယ်။ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၆ ယောက် တို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။
 
 
သူတို့တွေဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်ထဲက အစာရေစာမရှိပဲ ဂိုဒေါင်ထဲမှာ သော့ခတ်လှောင်ပိတ်ခံထားရကြောင်း၊ သောက်ရေအဖြစ် ဂိုဒေါင်ထဲကို တစ်ပေါက်ပေါက် ကျလာတဲ့ မိုးရေကိုသာ သောက်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
 
သူတို့တွေဟာ မြန်မာနိုင်ငံကနေ လူကုန်ကူးခံခဲ့ရပြီး မလေးရှားနိုင်ငံထဲကို ပို့ရန် ဂိုဒေါင်ထဲမှာ ခေတ္တလှောင်ပွတ်ခံထားရသူတွေဖြစ်ကြောင်း ရဲချုပ်က ဆိုပါတယ်။ လူကုန်ကူးသူတွေကို ဖမ်းဆီးရမိရန် သူတို့အနေနဲ့ ရဲတွေကို ကူညီမယ်လို့ ပြောခဲ့ပါတယ်။

 


01 Jul 2019     1,515 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS