မလေးရှားနိုင်ငံ ပီနန်တွင် မြန်မာအလုပ်သမားလေးဦး မြေပြိုကျသေဆုံး
27 Jun 2019 1,412 Views
မလေးရှားနိုင်ငံ ပီနန်ကျွန်း ဂျော့ဂျ်တောင်းမြို့၏ ကမ်းခြေမြို့ငယ်လေးဖြစ်သော တန်ဂျန်ဘန်ဂါ တွင် ဇွန်လ ၂၆ ရက်နေ့က ဟိုတယ်စခန်းတစ်ခုအတွက် ရေတားနံရံတည်ဆောက်ရေး လုပ်ကိုင်နေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား လေးဦး မြေကြီးအောက်ရောက်ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။
မြေပြိုကျသည့်အရှိန်ကြောင့် ၎င်းတို့လေးဦးလုံး မြေအောက်တစ်ခါတည်း နစ်မြုပ်သွားခဲ့ကြောင်း မီးသတ်ကယ်ဆယ်ရေးဌာနအကြီးအကဲ ဆာဒွန်မော့တာက ပြောကြားခဲ့သည်။ တန်ဂျန်ဘန်ဂါ ရှိ အနားယူအပန်းဖြေစခန်းတွင် ညပိုင်းအချိန်၌ အလုပ်လုပ်ကိုင်ကြစဉ် မြေပြိုကျမှု ကြောင့် မြန်မာလုပ်သားလေးဦး အရှင်လတ်လတ် မြေအောက်ပိသွားခဲ့ကြသည်။
သတင်း ရရှိပြီးနောက် ကယ်ဆယ်ရေးသမားများက မြေတူးစက်ကြီးများ အသုံးပြုကာ အလျင်အမြန်တူးဖော်မှုများပြုလုပ်ခဲ့ကြပြီး ပထမဆုံး ရုပ်အလောင်း တစ်လောင်းကို အဆိုပါနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
ထို့နောက် ဆက်လက်တူးဖော်မှုများပြုလုပ်ခဲ့ရာ ဒုတိယရုပ်အလောင်းကို ည ၁၁ နာရီ ၄၉ မိနစ်တွင်လည်းကောင်း၊ တတိယရုပ်အလောင်းကို ၁၂ နာရီ ၁၇ မိနစ် တွင် လည်းကောင်း နောက်ဆုံးရုပ်အလောင်းကို နံနက် ၃ နာရီ ၃၅ မိနစ်တွင် လည်းကောင်း တူးဖော်တွေ့ရှိခဲ့သည်။
၎င်းတို့လေးဦးသည် ရေတားနံရံကို ရက် ၂၀ အတွင်း အပြီးတည်ဆောက်ရန် တစ်နေ့လျှင် မလေးရှားရင်းဂစ် ၄ဝဝ နှင့် ငှားထားသည့် မြန်မာအလုပ်သမားများဖြစ်ကြောင်း သိရသည်။
အဆိုပါတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရပဲ တရားမဝင် ခိုးပြီးလုပ်ကိုင်စဉ် ဖြစ်ပွားခဲ့တာကြောင့် မြေပိုင်ရှင်ဖြစ်သော Lost Paradise Hotel ၏ ပိုင်ရှင်အား အရေးယူသွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ တည်ဆောက်ရေးပြုပြင်ရေး လုပ်ငန်းများကို ကျွမ်းကျင်သူ အင်ဂျင်နီယာများမပါပဲ အလုပ်သမားများကိုသာ တရားမဝင် စေခိုင်းခဲ့တာတွေ့ရတဲ့အတွက် မြို့တော်တစ်ခွင်မှာ အခြားတရားမဝင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပါက သတင်းပေးတိုင်ကြားရန် ပြည်သူလူထုကိုပါ မြို့တော်ဝန်က နှိုးဆော်ထားလိုက်သည်။