ချွန်ဘူရီအသင်းနဲ့ စာချုပ်သိမ်းလိုက်ပြီး ရတနာပုံအသင်းကို ပြန်ရောက်ရှိလာတဲ့ စည်သူအောင်
26 Jun 2019 1,551 Views

ထိုင်းကလပ် ချွန်ဘူရီအသင်းမှာ သွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်အသင်း တောင်ပံကစားသမား စည်သူအောင်ဟာ ချွန်ဘူရီအသင်းနှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီ လို့သိရပါတယ်။ စည်သူအောင်ဟာ ရတနာပုံကလပ်အသင်း မှ ချွန်ဘူရီအသင်းကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုံးကန်ရတာကြောင့် လမ်းခွဲလိုက်တာလို့ သိရပါတယ်။
“ စည်သူအောင်နဲ့ ချွန်ဘူရီ စာချုပ်ဖျက်သိမ်းလိုက်တာ မှန်ပါတယ်၊ ရတနာပုံအသင်းက အငှားချထားတာဖြစ်လို့ အသင်းကိုပဲ ပြန်လာပါမယ်။ဒါပေမယ့် ရတနာပုံအသင်းမှာတော့ ဒီနှစ် လက်ကျန် ဘောလုံးရာသီမှာ လူစာရင်း ထည့်သွင်းလို့တော့ အချိန်မမီတော့ပါဘူး။” လို့ ရတနာပုံ အသင်း အထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က ပြောပါတယ်။
စည်သူအောင်ဟာ ချွန်ဘူရီအသင်းမှာ ပွဲထွက်ခွင့်ရတဲ့အချိန်တိုင်း ခြေစွမ်းပြ ကစားနိုင်ပြီး အသင်းအတွက် ၁၁ ပွဲပါဝင်ကစားခွင့်ရချိန်မှာ ၂ ဂိုးသွင်းပြီး ၂ဂိုးဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။ ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် ဘယ်နောက်ခံလူ သိန်းသန်းဝင်းလည်း ရက်ချာဘူရီအသင်းကို သွားရောက်ကစားခဲ့ပြီး
သိန်းသန်းဝင်းက အပြောင်းအရွေ့ မပိတ်ခင် ပြန်ရောက်လာတဲ့အတွက်ကြောင့် ရတနာပုံအသင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး စည်သူအောင်ကတော့ လာမည့်နှစ်မှာပဲ ရတနာပုံအသင်းနဲ့ ပူးပေါင်းခွင့်ရမယ်လို့ သိရပါတယ်။ နောက်ခါ အခြားနိုင်ငံကလပ်တွေကို စေလွတ်ရင် အခုလိုမျိုးမဖြစ်ဖို့ စနစ်တကျ စီစစ်ဆောင်ရွတ်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းလိဂ်(၁)မှာ မြန်မာ့လက်ရွေးစင်ကစားသမားတွေအဖြစ် မြောင်တောင်အသင်းမှာ အောင် သူ၊ဆာမတ်ပရာကန်အသင်းမှာ ကျော်ကိုကို၊ချွန်ဘူရီမှာ ဇော်မင်းထွန်းနဲ့ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန် အသင်းမှာ သန်းထက်အောင်တို့ ၄ ဦးသာ ကျန်ရှိနေပါတော့တာဖြစ်ပါတယ်။