ဂိမ်းဆော့တာ ပိတ်ပင်ခံရလို့ တစ်အိမ်လုံးကို အဆိပ်ခတ်သတ်
17 Jun 2019 1,443 Views
ထိုင်းနိုင်ငံ စီးဆာခက်စီရင်စုမှ အသက် ၂၉ နှစ်အရွယ် လူငယ်ဟာ မိုဘိုင်းဖုန်းနဲ့ အွန်လိုင်းဂိမ်းကစားနေတာကို ပိတ်ပင်ခံရတဲ့အတွက် အကြီးအကျယ် ဒေါသထွက်ပြီး တစ်အိမ်လုံးကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။
သူဟာ အိမ်သားတွေ သောက်တဲ့ သောက်ရေသန့်ဗူးထဲကို ပိုးသတ်ဆေးတွေ ခပ်ခဲ့တာဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ မိခင်ဖြစ်သူက သူ့ရဲ့လုပ်ရပ်ကို သိရှိခဲ့တဲ့အတွက် တစ်းဦးတစ်ယောက်မှ ထိခိုက်သေဆုံးမှုမရှိခင် ကာကွယ်နိုင်ခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ် မိခင်ဖြစ်တဲ့ ‘ဆူးဘန်းဒွန်ဂျန်း’ က ဒီအဖြစ်ပျက်ကြောင့် အိမ်မှာနေရထိုင်ရတာ ကျောမလုံတော့ပဲ စိတ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက သားဖြစ်သူဟာ ညသန်းခေါင် အချိန်ထိ ဖုန်းနဲ့ ဂိမ်းကို ဆူညံစွာ ကစားနေခဲ့တဲ့အတွက် ပထွေးဖြစ်သူက သည်းမခံနိုင်တော့ပဲ အိမ်မှာတပ်ဆင်ထားတဲ့ အင်တာနက် ဝိုင်ဖိုင်လွှင့်စက်ကို ပိတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ မကျေမနပ်ဖြစ်ပြီး တစ်အိမ်လုံးကို သေစေရန် ရည်ရွယ်ကာ သောက်ရေထဲ အဆိပ်ခတ်ခဲ့တာဖြစ်ပါတယ်။
သောက်ရေမှာ အနံ့တစ်မျိုးရတာကို မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာမှ ပိုးသတ်ဆေးခတ်ထားမှန်းသိပြီး အသက်ဘေးကနေ သီသီလေး လွတ်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ ဂိမ်းကို စွဲလန်းနေတဲ့ လူငယ် သန်းပေါင်းများစွာရှိနေပြီး ဂိမ်းစွဲလန်းမှုကြောင့် စိတ်ကစဉ့်ကလျား ဖြစ်စေနိုင်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O ပြီးခဲ့တဲ့ မတ်လ ထဲမှာ လက်ခံအတည်ပြုလိုက်ပါတယ်။
ဂိမ်းစွဲလန်းမှုရဲ့ အကျိုးဆက်တွေဟာ မိသားစုဝင်တွေထဲမှာသာမက ကျောင်းတွေ၊ အလုပ်ချိန်တွေနဲ့ အိပ်တဲ့ အချိန်တွေကိုပါ ထိပါးနှောက်ယှက်လာနေပြီဖြစ်ပါတယ်။